DVB Logo
Home
မြန်မာသတင်း
မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ဘီလူးချောင်းတလျှောက်ရွာများ ရေနစ်မြုပ်
DVB
·
September 15, 2024
မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ဘီလူးချောင်းတလျှောက်ရွာများ ရေနစ်မြုပ်
Donate to DVB

မိုးဗြဲရေကာတာကို ထပ်ဖောက်ချတာကြောင့် ကရင်နီပြည်နယ်၊ ဘီလူးချောင်းတလျှောက်က ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဆက်ဖြစ်နေပြီး ပြည်သူတွေ သတိပိုရှိလာတာကြောင့် ထိခိုက်သေဆုံးမှုနှုန်းနည်းသွားတယ်လို့ မြေပြင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ 

ရှမ်းပြည်နဲ့ကရင်နီနယ်စပ် ဘီလူးချောင်းပေါ်က မိုးဗြဲရေကာတာကို စစ်ကောင်စီကထပ်ပြီး ဖောက်ချတာကြောင့် ဘီလူးချောင်းတလျှောက်ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။ 

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ကရင်နီပြည်နယ် ဘော်လခဲ၊ လွိုင်ကော်မြို့တို့မှာလည်း ရေကြီးရေလျှံနေပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ အတိအကျ အတည်မပြုနိုင် သေးပါဘူး။ 

စက်တင်ဘာ ၁၁ ရက်က စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည်နယ်မှာ သေဆုံးသူ ၂၄ ယောက်အထိရှိခဲ့ပြီး အရင်ကတည်းက စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင် ၁ သိန်းခွဲလောက်ဟာ လက်ရှိအချိန်မှာ ပိုဆိုးတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကရင်နီလူ့အခွင့်အရေးအဖွဲ့  KNHRG မှ ကိုဗညားက “မိုးဗြဲရေကာတာကို သူတို့ ထပ်ဖောက်ချတယ်လို့တော့ ကျနော်တို့ သတင်းရတယ်ပေါ့။ ဒီတကြိမ်ဆို ၃ ကြိမ်မြောက်တော့ ဖြစ်သွားပြီပေါ့။ ရှမ်းပြည်နယ်အစပ်မှာ တောက်လျှောက်မိုးရွာတော့ ကျနော်တို့ပြည်နယ်ထဲကို ရေတွေဝင်လာတာပေါ့။ လောလောဆယ်ကတော့ ဘီလူးချောင်းမှာ စစ်ဘေးရှောင်တွေ ရေဘေးထပ်ပြီး ရှောင်ရတာပေါ့နော်။ ဘီလူးချောင်း မိုးဗြဲနဲ့လွိုင်ကော်ကြားမှာ တောက်လျှောက်ပေါ့။ ရေထပ်မြုပ်တော့ ထပ်ပြီးရွှေ့ရတာပေါ့။ ဘော်လခဲမြို့ပေါ်မှာလည်း ရေလွှမ်းတယ်ဆိုတာ ကျနော်တို့သိရတာရှိတယ်။ လောလောဆယ်ကတော့ ဘီလူးချောင်း ဖာပွန်ချောင်းတောက်လျှောက် ရေကြီးတဲ့အခြေအနေပါ။ အဲ့လောက်ထိဆိုးမယ်လို့ သတိမထားလိုက်မိတဲ့အပေါ်မှာ ရုတ်တရက်ခံလိုက်ရတဲ့ဟာရှိတယ်ပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်းကတော့ ပြန်ပြီးသတိရှိတော့ နည်းနည်းလေးသက်သာလာတယ်၊ အပြန်အလှန် ကူညီဖို့လည်း အချိန်နည်းနည်းလေးရသွားတာလည်းပါပါတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ နေပြည်တော်ဘက်ကရေတွေဟာ ပဲခူးတိုင်းတောင်ငူမြို့ဘက်ကို ဆက်ဆင်းလာပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ 

လတ်တလော တောင်ငူမြို့နဲ့ ပတ်ဝန်းကျင်မှာ ရေဘေးသင့်ပြည်သူ သိန်းနဲ့ချီရှိနေပြီး ပြည်သူအချင်းချင်းအကူအညီပေးနေရတယ်လို့ တောင်ငူမြို့ရောက် ပရဟိတ သမားတယောက်က ပြောပါတယ်။

“တောင်ငူကတော့ တချို့နေရာတွေကတော့ကျသွားပြီ၊ တချို့နေရာတွေကတော့ အများကြီး ကျန်သေးတယ်။ ရေနက်ပိုင်းတွေတော့ ကျန်သေးတယ်။ လူဦးရေကတော့ သိန်းဂဏန်းကတော့ ရှိမှာပဲ။ ကျောင်းတွေမှာတော့ လူတွေကတော့အပြည့်ပဲ။ ဒုက္ခသည်စခန်းထဲမှာတော့ လူတွေက အများကြီးပဲလေ။ တောင်ငူမြို့ပေါ်မှာတော့ ဒုက္ခသည်စခန်းက ၅ ခု ၆ ခု လောက်ရှိလိမ့်မယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ရုတ်တရက်ကြီးတက်ချလာပြီး မနက်မိုးလင်းတော့ ဘယ်လိုမှနေလို့မရတော့ဘူး။ အဲ့လူတွေကျတော့ ဘယ်လိုမှကယ်ဆယ်ရေးက ရောက်မလာတဲ့ အခါကျတော့ လူတွေကတော့ အများကြီးပေါ့လေ၊ တရပ်ကွက်လုံးနီးနီးကို ပိတ်မိတာတွေ အများကြီးပဲ။ တောင်ငူဘက်မှာတော့ သေဆုံးတာသတင်းမကြားမိဘူး၊ ရှိလည်းမရှိလောက်ဘူး ထင်ပါရဲ့။ ဖြူးတို့ဘာတို့ ဟိုဘက်တွေ ရေတွေထပ်တိုးလာတယ်လို့သတင်းရတယ်။ ဖြူးတို့ဘာတို့ကနေ ပဲခူးတို့ ရန်ကုန်တို့ကနေ ပင်လယ်ထဲရောက်မှာရေက တဖြည်းဖြည်းနဲ့။ ဝေါကနဲ ရေတက်တာမြန်တယ်၊ ညနေ ၄ နာရီလောက်ကတက်တာ ည ၉ နာရီလောက်ကျတော့ နေလို့မရတော့ဘူး။ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ မနေ့က ဒူး၊ ပေါင်လယ်၊ ရင်ခေါင်းရှိတဲ့နေရာတွေက အခု ခါးလောက်ပဲရှိတော့တယ်။ တောင်ငူကနေပြီးတော့ အောက်ဆင်းလာမယ်၊ အောက်ကနေရာတွေ တရွေ့ရွေ့နဲ့ဆင်းမယ်။ ပြီးရင် ဧရာဝတီ သွားစုဦးမယ်ထင်တယ်။”

ရေဘေးပြဿနာဟာ တနေရာမှာ ပြီးအောင် မကူညီနိုင်သေးခင်မှာ နောက်ထပ်နေရာတွေမှာ အကူအညီ ဆက်တိုက်ထပ်လိုနေတဲ့ အခြေအနေဖြစ်ပါတယ်။ 

ဘေးဖြစ်လာနိုင်တာကို ကြိုတင်ခန့်မှန်းနိုင်ပေမဲ့ ဘာပြင်ဆင်မှုမှမလုပ်ခဲ့သလို ဘေးကြုံရချိန်မှာလည်း ဘာအကူအညီမှမရတဲ့အတွက် မြန်မာပြည်သူတွေဟာ စားဝတ်နေရေး ပိုကြပ်တည်းလာဖို့ ဖြစ်နေတာပါ။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဦးစိုးဝင်းဆွေက “ပြည်သူဒုက္ခရောက်တဲ့ကိစ္စ မရောက်တဲ့ ကိစ္စက သူတို့နဲ့မဆိုင်ဘူးပေါ့။ ရေဘယ်လောက်ကြီးကြီး ဗုံးကြဲစရာရှိကြဲနေတာပဲလေ၊ လေယာဉ်နဲ့ ပစ်စရာရှိပစ်နေတာပဲ။ သူတို့ရဲ့ တကယ့်သရုပ်မှန်ကို ပေါ်လွင်တော့တာပဲ။ အကြမ်းဖက် စစ်တပ်အောက်မှာ ဘာဘေးပဲကြုံကြုံ ခံရမှာပဲ။ မြန်မာနိုင်ငံက ပြဿနာတွေအားလုံးရဲ့ အဓိက ပင်မတရားခံသည် စစ်ကောင်စီပဲဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီကို မဖြုတ်ချနိုင်မချင်း  ကျနော်တို့နိုင်ငံမှာ ဘာဘေးပဲကြုံကြုံ ဖြေရှင်းနိုင်မှာမဟုတ်ဘူး ကူညီနိုင်မှာမဟုတ်ဘူး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ အလေးအနက်ထားပြီး ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်က စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ ရေဘေးသင့်ပြည်သူ ၂ သိန်းကျော်ရှိနေပြီး သေဆုံးပြည်သူ ရာနဲ့ချီရှိနေတာပါ။

လက်ရှိအချိန်အထိ ဒေသခံတွေရဲ့အတည်ပြုချက်တွေအရ ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၈ ခုမှာ သေဆုံးသူ ၈၀ ကျော်၊ နေပြည်တော်နဲ့အနီးဝန်းကျင်မြို့နယ်တွေမှာ သေဆုံးသူ ၁၉ ယောက်၊ ကရင်နီပြည်နယ်မှာ သေဆုံးသူအယောက် ၂၄ ယောက်၊ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ ခန့်မှန်းခြေသေဆုံးသူ ၂၀၀ ကျော် စုစုပေါင်း ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကနဦးခန့်မှန်းချက်တွေ ရှိနေတာပါ။ 

ရမည်းသင်းမြို့နယ် မိုးထိမိုးမိရွှေလုပ်ကွက်တွေတည်ရှိရာ ကျေးရွာတွေမှာ ရွာလုံးကျွတ် မြေပြိုရေလွှမ်းတာတွေဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013