DVB Logo
Home
မြန်မာသတင်း
ပြည်သူ ၂ သိန်းကျော်ရေဘေးသင့်နေပြီး သေဆုံးသူ ၃၀၀ကျော်ရှိလာ
DVB
·
September 14, 2024
ပြည်သူ ၂ သိန်းကျော်ရေဘေးသင့်နေပြီး သေဆုံးသူ ၃၀၀ကျော်ရှိလာ
Donate to DVB

ရေကြီးရေလျှံမှုတွေကြောင့် ပြည်သူ ၂ သိန်းကျော်ရေဘေးသင့်နေပြီး  သေဆုံးသူ ၃၀၀ ကျော်ထိရှိလာပေမဲ့ ရေဘေးသင့်ပြည်သူတွေကို လစ်လျူရှုထားတဲ့စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ရက်စက်ပြီး လူမဆန်တာဖြစ်တယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူကဝေဖန်လိုက်ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ကစတင်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ရှမ်းပြည်နယ်၊ နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ ရေဘေးသင့်ပြည်သူ ၂ သိန်းကျော်ရှိနေပြီး သေဆုံးပြည်သူ ရာနဲ့ချီရှိနေတာပါ။

လက်ရှိအချိန်အထိ ဒေသခံတွေရဲ့အတည်ပြုချက်တွေအရ ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၁၀ ခုမှာ သေဆုံးသူ ၉၀ ကျော်၊ နေပြည်တော်နဲ့အနီးဝန်းကျင်မြို့နယ်တွေမှာ သေဆုံးသူ ၁၉ ယောက်၊ ကရင်နီပြည်နယ်မှာ သေဆုံးသူအယောက် ၂၀၊ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ သေဆုံးသူ ၂၀၀ ကျော်၊ စုစုပေါင်း ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

မြေပြင်အခြေအနေတွေအရ သေဆုံးသူစာရင်းထပ်တိုးလာဖို့ရှိနေပြီး ပျောက်ဆုံး ပြည်သူတွေလည်း အများအပြားရှိနေပြီး စက်တင်ဘာ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့က ပဲခူးတိုင်း တောင်ငူ၊ ရေတာရှည်၊ ရေနီမြို့တို့မှာ ရေကြီးရေလျှံတာတွေဆက်လက်ဖြစ်ပွားနေပြီး စစ်တောင်းမြစ်ရေတက်လာတာအပြင် နေပြည်တော်ဘက်က ဆည်ရေတွေလွှတ်ချတာတွေလည်း ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ပိုပြီးဒုက္ခရောက်အောင် အကြမ်းဖက် စစ်ကောင်စီက ဆည်မြောင်းတွေကရေတွေလွှတ်တဲ့ဟာတွေလည်း လူထုကိုအသိမပေး၊ ကြိုတင်ပြင်ဆင်မှုမရအောင် တမင်ဒုက္ခရောက်အောင် လုပ်နေတဲ့ သတင်းတွေလည်း ကြားသိနေရတယ်၊ အင်မတန်မှ ရက်စက်ယုတ်မာတဲ့အကျင့်၊ လူမဆန်တဲ့အကျင့်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့အလှူငွေတွေနဲ့လည်း ကူညီတယ်။ ကျနော်တို့ ဘဏ္ဍာငွေထဲကနေလည်း ပြည်သူလူထုကို အတတ်နိုင်ဆုံး ကူညီနေတာရှိတယ်။ ဒါပေမယ့် ဒုက္ခရောက်နေတဲ့ပြည်သူလူထုက သိန်းနဲ့သန်းနဲ့ ချီနေတယ်။ သေတဲ့သူတွေလည်း မနည်းတော့ဘူး။ နိုင်ငံတကာက ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူလူထုကို မနှောင့်နှေးဘဲ ကူညီဖို့အချိန်ရောက်နေပြီ။ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ညှိနှိုင်းပြီးတော့ အမြန်ဆုံးကူညီဖို့အတွက်လည်း ကျနော်တို့တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ယာဂီနဲ့အတူ နောက်ဆက်တွဲ ရေကြီးရေလျှံမယ့်ပြဿနာတွေဖြစ်လာမှာကို ကြိုသိခဲ့ပေမယ့် စစ်ကောင်စီက ကြိုတင်ပြင်ဆင် သတိပေးတာတွေမလုပ်ခဲ့သလို ဘေးကြုံချိန်မှာ ထိရောက်တဲ့ အကူအညီတွေမပေးဘဲ လစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။

မြေပြင်မှာအကူအညီပေးနေတဲ့ပရဟိတအဖွဲ့တွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ မပြည့်စုံတာ၊ လူအင်အားမရှိတာနဲ့ ငွေအင်အားနည်းတာတွေကြောင့် ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်ဘူးလို့ဆိုကြပါတယ်။

ပရဟိတသမားတယောက်က “ကျနော်တို့ပါလာတဲ့လှေတွေက စက်တွေမပါကြဘူး။ ရေစီးတအားသန်တဲ့ နေရာတွေကျတော့ ဝင်လို့မရတော့ဘူးပေါ့။ ရင်ခေါင်းလောက်ပဲရှိတဲ့နေရာကိုပဲ စွန့်စားပြီးတော့၊ ဒါတောင်မှရေတအားစီးတဲ့နေရာတွေမှာ ဖျတ်လတ်တဲ့လူငယ်တွေက အတင်းဝင် အတွင်းထွက် အဲ့လိုမျိုးကယ်ဆယ်ရတာပေါ့။ နေပြည်တော်ဘက်ကတချို့အသင်းတွေဆို ရေထဲကယ်နေရင်းနဲ့ မျောပါသွားတာတွေရှိတယ်။ ဒါပေမယ့် အသက်အန္တရာယ်ထိခိုက်တဲ့ အနေအထားတော့ မရှိပါဘူးဗျ။ ကျနော်တို့က ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းပြည်ရဲ့နိုင်ငံရေးတွေနဲ့လည်း အများကြီးဆက်နွှယ်တယ်ဗျ” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးကို နိုင်နိုင်နင်းနင်းလုပ်နိုင်ရင် အသေအပျာက်မများနိုင်ဘဲ နိုင်ငံတကာက အလှူရှင်တွေရော၊ အဖွဲ့အစည်းတွေကရော တကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေကိုစုံစမ်းပြီးတော့ အထောက်အပံ့ပစ္စည်းတွေကြိုတင်ပြီးတော့ လှူဒါန်းထားရင် ထိထိရောက်ရောက် ကူညီနိုင်မယ် လို့လည်း သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက အရပ်ဘက်အဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေကို ထိန်းချုပ်တာ၊ ဖိအားပေးခြိမ်းခြောက်တာတွေအပြင် ဖမ်းဆီးထောင်ချတာတွေ အထိ ပြုလုပ်ခဲ့တာကြောင့် ပရဟိတကူညီရေးယန္တရားတွေလည်း ပျက်စီးခဲ့တာပါ။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဦးစိုးဝင်းဆွေက “ပရဟိတအဖွဲ့တွေ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ဆိုတာကလည်းပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးပေါ့။ စစ်တပ်က နည်းမျိုးစုံနဲ့ ချုပ်ကိုင်ထားတာ ဖိနှိပ်ထားတာရှိတယ်၊ ဆိုတဲ့အခါကြတော့ တကယ်ဖြစ်ပြီဆိုတာနဲ့ ပြည်သူက လည်စင်းခံရတာပဲ။ ထိထိရောက်ရောက်ကူညီမယ့် ကယ်ဆယ်မယ့် လူထုထဲက အဖွဲ့အစည်းတွေလည်း အားမကောင်းဘူး။ စစ်တပ်ကိုယ်တိုင်လည်း ဘာမှထိထိရောက်ရောက်ကူညီနိုင်တာလည်းမရှိဘူး။ အရင်တုန်းကဆိုရင် ၂၀၁၅ ကလေးမြို့ဘက်မှာကြုံတွေ့ခဲ့တဲ့ရေဘေးတွေရှိတယ်။ ဒီလို အခြေအနေတုန်းကဆိုရင် တကယ့်ကိုအုံလိုက်ကျင်းလိုက် ဒေသခံတွေကလည်းတက်တက်ကြွကြွ အခြား တနိုင်ငံလုံးကလည်း ဝိုင်းဝန်းကြတဲ့သူတွေအများကြီးပဲ။ နောက်ဆုံးဗျာ ပြန်လည်ထူထောင်ရေးက အစ ရွာသစ်တည်ပေးတာတွေဘာတွေအထိပါ ကူညီဖြေရှင်း နိုင်ခဲ့တာတွေရှိတယ်။ ဒီနေ့အခြေအနေမှာတော့ ဘာမှကူညီဖြေရှင်းနိုင်တာမရှိဘူး၊ ကူကယ်ရာမဲ့နေတဲ့ အခြေအနေမျိုး ကြုံရပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေအစိုးရ NUG က စက်တင်ဘာ ၁၃ ရက်နေ့ကနေ လာမယ့် ၁၅ ရက်နေ့အထိ ၃ ရက်အတွင်း ရေကြီးမြေပြိုဘေးဆက်လက်ဖြစ်ပေါ်မယ့်အကြောင်း မိုးလေဝသအထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ စက်တင်ဘာ ၁၃ ရက်နေ့မှာ နေပြည်တော်မှာကွင်းဆင်းကြည့်ခဲ့ပြီး ရေကြီးတာကြုံနေရတဲ့အိမ်နီးချင်းနိုင်ငံတွေလို နိုင်ငံတကာအထောက်အပံ့ရ‌အောင် ချိတ်ဆက်ဖို့နဲ့ ပြည်သူတွေကိုထောက်ပံ့ဖို့လိုတယ်လို့ ပြောဆိုထားပေမဲ့ လက်တွေ့မြေပြင်မှာတော့ စစ်ကောင်စီက ပြည်သူကိုကူညီဖို့ထက် နောင်ချိုနဲ့လားရှို့မြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရေးအသာစီးရရေးကိုပဲ ဦးစားပေးနေတာကိုတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013