DVB Logo
Home
မြန်မာသတင်း
ရမည်းသင်းတွင် မိုးသည်းရေကြီးပြီး ရွာလုံးကျွတ်နီးပါးမြေဖုံး၊ အသေအပျောက် များပြား
DVB
·
September 14, 2024
ရမည်းသင်းတွင် မိုးသည်းရေကြီးပြီး ရွာလုံးကျွတ်နီးပါးမြေဖုံး၊ အသေအပျောက် များပြား
1 / 4
Donate to DVB

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး ရေကြီးမြေပြိုတာကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးပြီး ပျောက်ဆုံးသူနဲ့ သေဆုံးသူ အရေအတွက်ဟာလည်း များပြားတယ်လို့ သိရပါတယ်။

ရမည်းသင်းမြို့မှာနေတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်နဲ့ နီးစပ်သူတယောက်က “အခု ပျက်စီးကုန်တဲ့ ရွာတွေက မိုးထိမိုးမိရွှေလုပ်ကွက်နယ်နိမိတ်ထဲမှာဆိုတော့ ရွှေလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အများဆုံးနေကြတယ်။ ရွာတွေရဲ့ ဘေးပတ်လည်ကလည်း တောင်တွေလေ။ မိုးကြီးတော့ တောင်ကျရေက ဒလဟောထိုးဆင်းလာတာ။ ရေဆင်းလမ်းပေါ်ကျနေတဲ့ ရွာတွေကတော့ ရွာလုံးကျွတ် ပျက်စီးတာတင်မကဘူး။ အသေအပျောက်တွေလည်းများတယ်။ မြင်ရတွေ့ရတာ အခုလို ခေတ်ဆိုးစနစ်ဆိုးကြီးထဲမှာ အရမ်းစိတ်မကောင်းစရာဖြစ်မိတယ်”လို့ DVB ကို ပြောပါတယ်။

ရမည်းသင်းမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်က မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် မြို့နယ်ထဲက ကျေးရွာအများအပြား တောင်ကျချောင်းရေ တိုက်စားသွားပြီး သပြေပင်ကျေးရွာ၊ အရှေ့ပင်ကျေးရွာတို့အပြင် ငါးတဲစုရွာတွေဖြစ်ကြတဲ့ ဝါးဖြူတောင်အထက်ရွာ၊ အောက်ရွာ၊ ရွှေတောမိုင်းမြို့တွေဟာ တောင်ကျရေကြောင့် ရွာလုံးကျွတ်နီးပါး မြေတွေဖုံးလွှမ်း နစ်မြုပ်သွားပြီး ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရသလို ပျောက်ဆုံး သေဆုံးသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

ပရဟိတအဖွဲ့ဝင်တယောက်က “အပျက်အစီးအများဆုံးကတော့ သပြေပင်ရွာလို့ ပြောရမှာပါ။ ရွာမှာ အိမ်ခြေ ၃၅၀ နီးပါးရှိတဲ့အထဲက အမြင့်ပိုင်းမှာရှိတဲ့ အိမ်ခြေ ၄၀ နီးပါးနဲ့ ဘုန်းကြီးကျောင်းပဲ လွတ်တယ်။ ကျန်တဲ့အိမ်တွေအကုန် မြေစာတွေနစ်ကုန်တာ။ တထပ်အိမ်ဆိုရင် အမိုးလောက်ပဲ ပေါ်တော့တယ်။ အိမ်အလုံးလိုက် ကျွတ်ပါကုန်တာတွေလည်း မနည်းဘူး။ မိသားစုလိုက် ပျောက်ဆုံးနေတာတွေရှိသလို မြေစာတွေနစ်ကုန်တာတွေလည်း ရှိတယ်။ သေဆုံးသူနဲ့ ပျက်စီးတဲ့ အိမ်အရေအတွက်က အတိအကျသိရဖို့ ခဲယဉ်းသေးတယ်။ အခုမှ စာရင်းတွေပြုစုကြတုန်းပါ။ ဒါပေမဲ့ ဒီ သပြေပင်ရွာအပါအဝင် အနီးအနားကရွာတွေကနေ ရေစီးနဲ့မျောပါလာပြီးဆုံးတာနဲ့ မြေစာနစ်ပြီးသေဆုံးတဲ့ အလောင်း ၂၃၀ ကျော်တော့ တွေ့ထားတယ်။ ပျောက်နေတာတွေလည်း အများကြီးရှိနေသေးတယ်။ ကားအစီး ၃၀ နီးပါးလည်း ပျက်စီးတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အရေးပေါ်ကယ်ဆယ်ရေး လုပ်နေရတာကြောင့် ရွာတွေ မြေပြိုတာကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးနေသူအရေအတွက်ကို မသိရသေးဘဲ အတည်ပြုနိုင်ဖို့အတွက် DVB က စုံစမ်းနေဆဲဖြစ်ပါတယ်။

ရမည်းသင်းမြို့နယ်ထဲက သပြေပင်ကျေးရွာအပါအဝင် ရေဘေးသင့်မြေပြိုတဲ့ ဒဏ်ခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်တဲ့နီးစပ်ရာနေရာတွေမှာ ယာယီပြောင်းရွှေ့ နေထိုင်နေကြရပြီး သောက်သုံးရေ၊ အဝတ်အထည်၊ အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

ရေကြီးမြေပြိုဒဏ်ခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံတွေဆီကို ပြည်တွင်းအလှူရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက အရေးပေါ်ကူညီဆောင်ရွက်ပေးနေကြပြီး စစ်ကောင်စီဘက်ကတော့ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုပေးတာမတွေ့ရသေးဘူးလို့လည်း ရမည်းသင်းမြို့ခံတွေဆီကနေ သိရပါတယ်။

Photos - အရေးပေါ်ကူညီရေးပရဟိတအဖွဲ့ဝင်တဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013