DVB Logo
Home
မြန်မာသတင်း
အဆိုတော် အေးချမ်းမေ အသက် ၅၀ ပြည့် တော်လှန်မွေးနေ့ ဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
September 13, 2024
အဆိုတော် အေးချမ်းမေ အသက် ၅၀ ပြည့် တော်လှန်မွေးနေ့ ဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

နာမည်ကြီး အမျိုးသမီး အဆိုတော်တယောက်ဖြစ်တဲ့ အေးချမ်းမေရဲ့ အသက် ၅၀ ပြည့် တော်လှန်မွေးနေ့ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၂ ရက်မှာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ ပြု လုပ်သွားမှာဖြစ်ကာ တော်လှန်မွေးနေ့ဆိုတဲ့အတိုင်း ပွဲကရရှိလာတဲ့ အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်းကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းသွားမယ်လို့ အေးချမ်းမေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားမျှဝေထားခဲ့တာပါ။

“အားလုံးပဲ မင်္ဂလာပါရှင့်။ လာမယ့် နိုဝင်ဘာ ၂ ရက်နေ့ Maryland မှာ ကျမရဲ့ နှစ် ၅၀ ပြည့် မွေးနေ့ပွဲလေးကို ကျင်းပသွားမှာဖြစ်ပါတယ်။ တော်လှန်မွေးနေ့ ဆိုသည့်အတိုင်း ပွဲမှရလာမည့် အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်း အားလုံးကို လိုအပ်နေသည့် နေရာများသို့ ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကိုယ်တတ်နိုင်တာဆိုလို့ ဘုရားပေးထားတဲ့ ဒီအသံလေးပဲ ရှိတဲ့အတွက်ဒီ အသံလေးနဲ့ပဲ အလှူဒါနလေး လုပ်ရခြင်း ဖြစ်ပါတယ်။ ကျမရဲ့အလှူဒါနလေးကို ဖြည့်ဆည်းပေးသလို ကျမတို့ရဲ့တိုင်းပြည်မှာ အရေးပေါ်လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းနိုင်ဖို့အတွက် ပါဝင်အားဖြည့်ပေးကြပါရန် ဖိတ်ခေါ်ပါရစေရှင့်။”

ကရင်တိုင်းရင်းသူ အဆိုတော် အေးချမ်းမေကတော့ မြန်မာ့ဂီတလောကမှာ တချိန်က ရေပန်းစားတေးအယ်လ်ဘမ်ပေါင်းများစွာနဲ့ ဂီတမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့သူ ဖြစ်ပါတယ်။

"တစ်စစီကျိုးပဲ့နေတယ်" ၊ “ဘုရားစူး” ၊ “ဇာတ်ဆရာအလိုကျ” စတဲ့ နာမည်ကျော် သီချင်းတွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်ကာလတွေဆီက ပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်တဦးဖြစ်ပြီး အခုထိတိုင် သူ့ရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။ 

သူဟာ “ပျော်ရွှင်ခြင်းနိုင်ငံ” ဆိုတဲ့ ပထမဆုံး တကိုယ်တော်တေးစီးရီးနဲ့တင် အောင်မြင် ခဲ့ပြီးတဲ့နောက် "JV ၁၅၀၀"၊ "ချစ်သူနားဆင်ဖို့”၊ "ရင်ခွင်အခန်း"၊ "ရပ်တန့်လို့မရနိုင်" စတဲ့ စီးရီးတွေ ဆက်တိုက် ထွက်ရှိခဲ့ပါတယ်။

၁၉၉၄ ခုလောက်ကနေ ၁၉၉၇ ခုကာလအတွင်းက အေးချမ်းမေရဲ့ အောင်မြင်တဲ့ ကာလတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူက အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချ နေထိုင်သွားခဲ့ပါတယ်။

အဲဒီနောက် ဂီတလောကကနေ နှစ်ပေါင်းများစွာ ပျောက်နေခဲ့ကာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းကတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်မှာ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့ပါသေးတယ်။

အခုကျင်းပမယ့် သူ့ရဲ့ အသက် ၅၀ ပြည့် တော်လှန်ဂီတဖျော်ဖြေပွဲမှာတော့ The Federal Band တေးဂီတအဖွဲ့နဲ့အတူ DJ Wine၊ အဆိုတော် ဖိုးဖန်၊ ရန်ရန်ချန်းစတဲ့ တခြားသော တော်လှန်အနုပညာရှင်တွေကလည်း အားဖြည့်ပါဝင်သီဆိုသွားကြမယ်လို့ သိရပြီး လက်မှတ်ခတွေ ကို ဒေါ်လာ ၁၀၀ နဲ့ ၅၀ စီသတ်မှတ်ထားကြောင်း ကြေညာထားပါတယ်။

ဒါ့အပြင် အေးချမ်းမေဟာ ဒီပွဲမတိုင်ခင် အခုလာမယ့် စက်တင်ဘာ ၂၁ ရက်မှာလည်း အဆိုတော် ခင်ဘုဏ်း၊ ခင်စုစုနိုင်တို့နဲ့အတူ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ ကျင်းပမယ့်  “လူသားချင်းစာနာပံ့ပိုးရေးရန်ပုံငွေ” ပွဲမှာလည်း ပါဝင်ဖျော်ဖြေဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013