ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ဆိုင်းတောင်ရပ်ကွက် ၄ ၊ ဖားပြင်လမ်း တဖက်ခြမ်းက နေအိမ်အများအပြား မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်ဒေသခံ အမျိုးသားတယောက်က "ရပ်ကွက် ၄ ဖားပြင်လမ်း အကုန်လုံး လောင်သွားပြီ။ လမ်းတခြမ်းပြောင်သွားပြီ" လို့ ပြောပါတယ်။
မနေ့ညနေပိုင်းအထိ မီးလောင်နေသေးပြီး စားဆီပုံးတွေ ပေါက်ကွဲနေတယ်လို့ ဒေသခံက ပြောပါတယ်။
KIA သတင်း ရင်းမြစ်တယောက်က "ဖားကန့် ဆိုင်းတောင်က နေအိမ်တွေ အများကြီး မီးလောင်သွားတယ်။ နှစ်ကြိမ် သုံးကြိမ်တော့ ဆင်းလိုက် တက်လိုက်နဲ့ လာချသွားတယ်။ လေယာဉ်က နှစ်မျိုး သုံးမျိုးထဲ မဟုတ်ဘူး၊ လေး၊ ငါးမျိုးလောက်တောင် ဖြစ်မယ်"လို့ ပြောပါတယ်။
အင်္ဂလီဂန် ဘုရားကျောင်းဘက်အခြမ်းကတော့ ဘာမှ မဖြစ်ပေမဲ့ လမ်းရဲ့ တဖက်ခြမ်းက ဈေးဟောင်းလမ်းကြားအားလုံး၊ အောင်ခိုင်ကုန်မာဆိုင်၊ မဝါဆန်ဆိုင်၊ ရွှေသီးကျောက်ဖြတ်ခုံ၊ နိုင် ကျောက်ဖြတ်ခုံတွေ အားလုံး မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။
လက်ရှိတော့ နေအိမ်ဘယ်နှအိမ် ထိခိုက်ပျက်စီးသွားသလဲဆိုတာ အတိအကျ မသိနိုင်သေးကြောင်း၊ ပြည်သူတွေက ဘယ်သူမှ မရှိတော့ပဲ ရှောင်ကုန်ပြီ ဖြစ်ကြောင်း၊ ရှိရင် Lucky Men ဟိုတယ်မှာ ရှိနေတဲ့သူတွေပဲဘယ်လောက်ပါသွားသလဲ ဆိုတာ မသိရသေးကြောင်း ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
ဖားကန့် ကျောက်ကုန်သည်တယောက်က"ထိခိုက် ပျက်စီးမှုက အသေးစိတ် မထွက်လာနိုင် သေးဘူး။ တိုက်ပွဲ ဆိုတော့ ပြည်သူတွေလည်း ပြေးကုန်ပြီလေနော်"လို့ ပြောပါတယ်။
ရဲစခန်းတော့ ကျသွားပြီလို့ သိရပြီး ဆိုင်းတောင်ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ဝိုင်းပြီး အကုန်လုံး အဝင်ရော၊ အထွက်ရော ပိတ်ဆို့ထားကာ စစ်ကောင်စီဘက်ကတော့ ဖားကန့် ဗျူဟာကုန်းကနေလည်း အမြောက်နဲ့ လှမ်းပစ်ခတ်နေပါတယ်။
စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီလောက်ကစပြီး ဖားကန့်ဆိုင်းတောင်ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ စတင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
ဆိုင်းတောင် ရဲစခန်းကို စက်တင်ဘာ ၁၂ ရက် မနက် ၆ နာရီခွဲခန့်က KIA က သိမ်းလိုက်ပြီးနောက် ဆိုင်းတောင်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေယာဉ်နဲ ဗုံးကြဲတာကြောင့် ဆိုင်းတောင်မှာနေအိမ်တွေ မီးလောင်နေကြောင်း၊ ရွာထဲ၊ ရပ်ကွက်ထဲ (ဗုံးကြဲတာ)ဆိုတော့ ထိခိုက် ဒဏ်ရာရတာတွေ ရှိနိုင်ကြောင်း KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောထားပါတယ်။
ဖားကန့်ဆိုင်းတောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် အစောပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။