DVB Logo
Home
မြန်မာသတင်း
ဖားကန့် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်
DVB
·
September 12, 2024
ဖားကန့် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းလိုက်ပြီး Lucky Men ဟိုတယ်အနီးမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတ‌ယောက်က “ဆိုင်းတောင်ရဲစခန်း သိမ်းလိုက်ပြီ။ မနေ့ည စက်တင်ဘာ ၁၁ ရက်နေ့ည ၁၀ နာရီလောက်က သွားတိုက်တာ၊ ရဲနဲ့ စစ်ကောင်စီတပ်သားတွေက မခုခံနိုင်တော့လို့ ဒီမနက် အကုန်ထွက်သွားတာ” လို့ ပြောပါတယ်။

နောက်ထပ် KIA နဲ့ နီးစပ်သူတဦးကလည်း“ဆိုင်းတောင်မှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ ဆိုရင် ၆ ရက်ရှိပြီ။ ဒီနေ့လည်း တနေကုန်တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ၆ ရက်မြောက်နေ့ ဒီမနက်ပိုင်းမှာ ဆိုင်းတောင်ရဲစခန်းကို KIA, KPDF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ သတင်းရပါတယ်။ ဆိုင်းတောင်ရဲစခန်း သိမ်းတဲ့နေရာမှာ စစ်ကောင်စီဘက်က သုံ့ပန်းတွေ ဖမ်းမိတာများတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေ များတယ်လို့ သတင်းရတယ်။ လောလောဆယ်တော့ ဆိုင်းတောင်ရဲစခန်းကို KIA, KPDF က အပြီးသတ်ရှင်းလင်းလိုက်ပြီ။ ဒီနေ့ နေ့လယ်အထိလည်း တနေ့လုံး ဆိုင်းတောင်မှာ တိုက်ပွဲပြင်းထန်နေတယ်။ လောလောဆယ် ၁၂ နာရီဝန်းကျင်မှာ Lucky Men ဟိုတယ်တဝိုက်မှာရှိတဲ့ စစ်ကောင်စီတွေကို ပြန်တိုက်ခိုက်နေတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်”လို့ ပြောပါတယ်။

သိမ်းထားတဲ့ ရဲစခန်းကိုတော့ အကုန်မီးရှို့ ရှင်းလင်းလိုက်ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှင်းလင်းရေး လုပ်နေဆဲပဲလို့ ဆိုပါတယ်။

KIA သတင်းရင်းမြစ်တယောက်က “ရဲစခန်းက သိမ်းလိုက်တာ ဟုတ်တယ်။ အဲဒီ Lucky Men Hotel မှာက စစ်ကောင်စီတွေ ပုန်းအောင်း ကျန်ရှိနေသေးတယ်။ တိုက်ပွဲတော့ ဖြစ်နေတုန်းပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ပြန်ပြီး ဝိုင်းထားပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ဒေသခံ အမျိုးသားတယောက်က “အခု မွန်းလွဲ ၁ နာရီကျော်မှာ စစ်ကောင်စီက လေယာဉ် ၂ စီးနဲ့ ဆိုင်းတောင်ကို ဗုံးလာကြဲနေတယ်။ ဟိုမှာ ဟိုမှာ ပစ်လိုက်ပြီ။ မီးတွေလောင်နေပြီ” လို့ ပြောပါတယ်။

နောက်ထပ် ဖားကန့် ဒေသခံကလည်း “စစ်ကောင်စီက ဆိုင်းတောင်ကို ဂျက်ဖိုက်တာ ၁ စီးလာပြီးတော့ ဗုံး ၃ လုံး လာချသွားတယ်။ ပြီးရင် အဲ့ဂျက်ဖိုက်တာနဲ့ ပစ်လည်း လာပစ်သွားတယ်။ လောလောဆယ် စစ်ကောင်စီက ဆိုင်းတောင်ကို လေကြောင်းတိုက်ခိုက်မှု လုပ်နေတယ်။ Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီက တပ်ပြန်ဆုတ်သွားပြီလို့ကြားတယ်။ အဲ့မှာ KIA, KPDF တပ်တွေက ပြန်နေရာယူထားလိုက်ပြီ။ စစ်ကောင်စီလေယာဉ်က ပစ်လိုက်တဲ့ ဗုံးတလုံးကတော့ ဟိုတယ်ရှေ့ကို ကျတယ်လို့ သိရတယ်။ အခု ဆိုင်းတောင်က လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတယ်”လို့ ပြောပါတယ်။

ဟိုတယ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်လာနိုင်ဖို့ ဗုံးလာကြဲပေးတာလို့ ယူဆရပြီး KIA နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ကို ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီတပ် ဘယ်လိုမှ ထွက်လာနိုင်မှာ မဟုတ်တော့ဘူးလို့ သူကပြောပါတယ်။

တိုက်ပွဲအတွင်း ဟိုတယ်မှာ သေဆုံးသူ ၈ ယောက်လောက်ရှိပြီး ဟိုတယ်အပြင်ဘက်မှာလည်း သေဆုံးသူရှိတယ်လို့ သူကပြောပါတယ်။

ဆိုင်းတောင်ရွာဘက်မှ တိုက်ပွဲပြင်းထန်နေတာ ၆ ရက်ရှိလာပြီး ဖားကန့်မြို့ဗျူဟာကုန်းက လက်နက်ကြီးတွေ ပစ်ကူနေတာကြောင့် အရပ်သားပြည်သူနေအိမ် ထိခိုက်ပျက်စီးမှုတွေရှိနေပြီး တချို့နေအိမ်တွေက မီးလောင်ကျွမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဆိုင်းတောင်ရွာမှာလည်း ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးမှုများတယ်။ အိမ်ခြေတော်တော်များများ မီးလောင်တယ်။ ပြီးရင် လက်နက်ကြီးကျတဲ့အတွက် ပြည်သူတွေထိခိုက်တာ သေဆုံးတာတွေလည်း ရှိတယ်။ နေအိမ်ပျက်စီးမှုတွေလည်း အများကြီးရှိတယ်။ လောလောဆယ် ဆိုင်းတောင်တရွာလုံး ထွက်ပြေးနေရတယ်။ ဆိုင်းတောင်မှာ အခြေအနေက တော်တော် ဆိုးနေတယ်။ ဆိုင်းတောင်မှာ စစ်ရေးတင်းမာနေတယ်။”

KIA ပူးပေါင်းတပ်က  ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စုရှိ တောမှော်နဲ့ လမောင်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ကုန်းလမ်း၊ ရေကြောင်းနဲ့ လေကြောင်းကပါ စစ်အင်အား ဖြည့်တင်းခဲ့တာပါ။

စက်တင်ဘာ ၇ ရက် မနက်အစောပိုင်းကစပြီး Lucky Men Hotel မှာ ရှိနေတဲ့ KIA နဲ့ ပူးပေါင်းအဖွဲ့ကို စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ပိတ်ဆို့ စီးနင်းခဲ့ပြီးနောက် တိုက်ပွဲ စတင်ပြင်ထန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း စစ်ကောင်စီရဲ့ ဖားကန့် လမောင်ဗျူဟာနဲ့ တောမှော်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။

Pra Jaw/ ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013