
ဩဂုတ်လအတွင်းမှာ ကမ္ဘာတဝန်း အလုံးစုံလျှပ်စစ်နဲ့ plugin - hybrid ကား ရောင်းအားဟာ နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ Rho Motion က ထုတ်ပြန်ပါတယ်။
ဥရောပမှာ ၁၉ လအတွင်း အနိမ့်ဆုံးကျဆင်းခဲ့ပေမဲ့ တရုတ်မှာ စံချိန်တင် ရောင်းအားတက်တာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ပါ ရောင်းအားမြင့်သွားခဲ့တာပါ။
ကမ္ဘာ့အကြီးဆုံး EV စျေးကွက်ဖြစ်လာတဲ့ တရုတ်မှာ ဒီနှစ်အတွင်း ရောင်းအား သုံးပုံတပုံ ထပ်တက်ပြီး အစီးရေ ၁၀ ဒသမ ၅ သန်းအထိ ရောင်းချရနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဥရောပမှာတော့ မနှစ်ကနဲ့ ရောင်းအားမကွာနိုင်ဘဲ ၃ ဒသမ ၁ သန်းကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။
EV ကား ဝယ်လိုအားဟာ နှစ်အတန်ကြာ ရောင်းအားတရိပ်ရိပ် တက်လာခဲ့အပြီး မကြာသေးမီလတွေထဲမှာ အရောင်းအနည်းငယ် ပြန်အေးလာခဲ့ပါတယ်။
သုံးစွဲသူအများစုက ပိုစျေးသက်သာတဲ့ မိုဒယ်တွေနဲ့ hybrid ရွေးချယ်စရာတွေကို စောင့်လာကြတဲ့အတွက် အရောင်းပြန်နှေးလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်တနိုင်ငံတည်းတင် ဩဂုတ်လမှာ ရောင်းအား ၄၂ ရာခိုင်နှုန်း တက်လာပြီး စံချိန်တင် အစီးရေ တသန်းကျော် ရောင်းခဲ့ရပါတယ်။
EV ကားတွေမှာ လုံးဝလျှပ်စစ်နဲ့သွားတဲ့ Battery Electric Vehicle (BEV) နဲ့ plug-in hybrid (PHEV) နှစ်မျိုးစလုံးပေါင်း ရောင်းအားဟာ ဩဂုတ်တလအတွင်း တကမ္ဘာလုံးအတိုင်းအတာနဲ့ အစီးရေ ၁ ဒသမ ၄၇ သန်း ရှိခဲ့ပါတယ်။
Source-Reuters











