DVB Logo
Home
နိုင်ငံတကာ
အောင်ပွဲအစီအစဉ်က စစ်ပွဲအဆုံးသတ်ရေး ရုရှားကို တွန်းအားပေးလိမ့်မည်ဟု ဇလန်းစကီး ပြော
DVB
·
September 12, 2024
အောင်ပွဲအစီအစဉ်က စစ်ပွဲအဆုံးသတ်ရေး ရုရှားကို တွန်းအားပေးလိမ့်မည်ဟု ဇလန်းစကီး ပြော
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အခုလအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တင်ပြချင်တဲ့ “အောင်ပွဲအစီအစဥ်” ဟာ ယူကရိန်းအစိုးရကို အားကောင်းစေပြီး သံတမန်နည်းအရ စစ်ပွဲအဆုံးသတ်စေရေး ရုရှားကို တွန်းအားပေးနိုင်တဲ့ “စိတ်ပိုင်းဆိုင်ရာ” သက်ရောက်မှု ရှိစေလိမ့်မယ်လို့ စက်တင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းဟာ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပချင်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမတိုင်မီ မဟာမိတ်တွေဆီမှာ အောင်ပွဲအစီအစဉ်ကို တင်ပြဖို့ အရေးကြီးတယ်လို့ ယူကရိန်းအစိုးရရဲ့ နှစ်စဉ်ကျင်းပနေကျ ခရိုင်းမီးယားလမ်းစဉ်ပွဲမှာ ဇလန်းစကီးက ပြောခဲ့တာပါ။

“မိတ်ဖက်အဖွဲ့အစည်းတွေက ဒီအစီအစဉ်ကို ထောက်ခံတယ် ဆိုရင်တော့ စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားကို ဖိအားပေးဖို့ ယူကရိန်းအတွက် လွယ်ကူစေမှာပါ” လို့လည်း ဇလန်းစကီးက ပြောပါတယ်။

သူဟာ အခုလနှောင်းပိုင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံ ကာ့က်စ်ခ်ဒေသကို အံ့အားသင့်စရာ ကျုးကျော်ဝင်ရောက်ခဲ့ပေမဲ့ ရုရှားတပ်တွေကလည်း စစ်ပွဲအတွင်း အရေးပါတဲ့ ယူကရိန်း အရှေ့ပိုင်းကို တလက်မချင်း ရှေ့တိုးပြီး ဆက်လက်တိုက်ခိုက်နေတာပါ။

ဒါကြောင့် ယူကရိန်းစစ်ပွဲဟာ အတိမ်းအစောင်းမခံတဲ့ အလှည့်အပြောင်းတခုဆီ  ရောက်ရှိလာခဲ့ပါတယ်။

အမေရိကန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ယူကရိန်းမြို့တော် ကိယက်ဗ်ဆီ စက်တင်ဘာ ၁၁ ရက်က အလည်အပတ် ခရီးစဉ်အတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ နိုင်ငံခြားရေးဝန်ကြီး အန်ဒရေ စီဘီဟာ အသေးစိတ်ကျပြီး အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေ ဆင်နွှဲခဲ့တယ်လို့ ယူကရိန်း ထိပ်တန်းသံတမန်က ပြောခဲ့ပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက သူနဲ့ မဟာမိတ် ၂ ယောက်တို့ဟာ လက်နက်နဲ့ လေကြောင်းရန်ကာကွယ်ရေး ထောက်ပံ့ရေး ဆွေးနွေးခဲ့တယ်လို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံကို ယူကရိန်းက တိုက်ခိုက်နေချိန်မှာ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို သုံးခွင့်ပြုထားတဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့ကိုလည်း ယူကရိန်းရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေကို သူက တောင်းဆိုခဲ့ပါတယ်။

တာဝေးပစ် ATACMS ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံထဲကို နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်ဖို့  အမေရိကန်က ယူကရိန်းကို ခွင့်ပြုခဲ့ရင် သင့်လျော်သလို တုံ့ပြန်မယ်လို့ ရုရှားက စက်တင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံကိုတိုက်ဖို့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ကို သူ့တပ်ဖွဲ့တွေကို ပေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အနောက်နိုင်ငံတွေကို အကြိမ်ကြိမ် တိုက်တွန်းနေတာပါ။

ATACM လို တာဝေးပစ် ဒုံးကျည်တွေကို ယူကရိန်းအစိုးရက အသုံးပြုခွင့် ကန့်သတ်ချက်ကို ပယ်ဖျက်မလားလို့ မေးရာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အစိုးရဟာ ဒီကိစ္စကို လုပ်ဆောင်နေပြီလို့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။

လက်နက်တွေကို အသုံးပြုရေး ယူကရိန်းကို ခွင့်ပြုဖို့ အမေရိကန်က ဆုံးဖြတ်ထားပြီးသားနဲ့ တူတယ်လို့ ရုရှားသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

သင့်လျော်တဲ့ တုံ့ပြန်မှုမျိုး ရှိလိမ့်မယ်လို့ သူက ပြောပေမဲ့ နေရာတိုင်းမှာ တုံ့ပြန်မှုမျိုး မျှော်လင့်ဖို့ မလိုဘူးလို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အထူးစစ်ရေးစစ်ဆင်ရေး (SMO) ဆိုတာက ဒီလုပ်ရပ်တွေ အားလုံးအတွက် တုံ့ပြန်မှု ဖြစ်ပါတယ်လို့လည်း ယူကရိန်းပဋိပက္ခအတွက် ရုရှားက နှစ်သက်တဲ့ အသုံးအနှုန်းကို သုံးပြီး ပဲ့စ်ကို့ဗ်က ပြောပါတယ်။

“အနောက်အုပ်စုက ယူကရိန်းနဲ့ သက်ဆိုင်တဲ့ ဒီဆုံးဖြတ်ချက် တခုစီတိုင်းဟာ SMO ရဲ့ မျှတမှု၊ လိုအပ်ချက်နဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ နောက်ထပ် အတည်ပြုချက်တရပ်ပဲ” လို့လည်း သူက ပြောပါတယ်။

အမေရိကန်အစိုးရဟာ အရင်က ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ဖို့ ယူကရိန်းနိုင်ငံဆီ တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းနိုင်ငံဆီ ဒီလက်နက်တွေပေးဖို့ အမေရိကန်က သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့လည်း သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

လက်နက်တွေ မတင်ပို့မီ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေကို အမေရိကန်က လုပ်ဆောင်ရမှာဖြစ်လို့ ယူကရိန်းအစိုးရဟာ လပေါင်းများစွာ စောင့်ရဦးမှာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013