DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၃၀ ဝန်းကျင်သေဆုံး
DVB
·
September 11, 2024
တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၃၀ ဝန်းကျင်သေဆုံး
Donate to DVB

ဆုံးရှုံးနယ်မြေတွေမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ပြောပြီးနောက် တပတ်အတွင်းမှာပဲ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၁၄ ကြိမ် ပြုလုပ်တာကြောင့် သေဆုံးသူအယောက် ၃၀ ဝန်းကျင် ရှိခဲ့ပါတယ်။

ဆုံးရှုံးနယ်မြေတွေက လက်နက်ကိုင်တပ်ဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးခရီးစဉ်အတွင်း ပြောဆိုခဲ့ပြီးတဲ့နောက် အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်ကနေ ၉ ရက်အထိ ၆ ရက်တွင်း မြို့နယ်ပေါင်း ၈ မြို့နယ်က လူနေရပ်ကွက်တွေ၊ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို အဓိက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အနည်းဆုံး ၂၈ ယောက်သေဆုံးခဲ့သလို အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဒါက ဒီဗွီဘီက လက်လှမ်းမီသ လောက်ပြုစုထားတဲ့ အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာတော့ ဒီထက်ပိုများနိုင်ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိအချိန်မှာ သူတို့ လက်လွှတ်လိုက်ရတဲ့ မြို့တွေက အရပ်သားတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပြီး ပြည်သူလူထုကို အကြောက်တရားရိုက်သွင်းဖို့ ကြိုးစားနေတာလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာရှိတဲ့ ဘန်ကောက် စစ်ရှောင်စခန်းကို စက်တင်ဘာ ၅ ရက် ည ၉ နာရီဝန်းကျင်အချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် စုစုပေါင်း ၉ ယောက် သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းမြောက် နမ့်ခမ်းနယ်မှာဆိုရင်လည်း စက်တင်ဘာ ၆ ရက် မနက် ၁ နာရီဝန်းကျင်မှာ မြို့ပေါ်ရပ်ကွက်တွေကို  လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် စုစုပေါင်း ၁၁  ဦး သေဆုံးခဲ့သလို ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ လားရှိုးမြို့ပေါ်ရပ်ကွက်တွေကိုလည်း စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တို့မှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ၁၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို သေဆုံးသူတချို့လည်း ရှိတယ်လို့ သိရပေမဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

ဒါ့အပြင် ရှမ်းပြည်နယ် နောင်ချိုမြို့ပေါ်ကိုလည်း စက်တင်ဘာ ၅ ရက်က လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တယောက် သေဆုံးခဲ့သလို ဒဏ်ရာရရှိတာတွေလည်း ရှိခဲ့ပါတယ်။

ကရင်နီပြည်နယ်၊ နမ်းမယ်ခုံမြို့ကိုလည်း စက်တင်ဘာ ၅ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ တ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူ ၃ ယောက် ရှိခဲ့ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာကိုလည်း စက်တင်ဘာ ၆ ရက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ၅ ယောက် သေဆုံးခဲ့ကာ သေဆုံးသူတွေထဲမှာ ကလေးငယ် တယောက်လည်းပါဝင်ပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာကိုလည်း စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တို့မှာ  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပေမဲ့ စာရင်းအတိအကျကိုတော့ အတည်ပြုလို့မရသေးပါဘူး။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာလည်း စက်တင်ဘာ ၄ ရက်၊ ၆ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သေဆုံးနဲ့ ဒဏ်ရာရရှိမှုတွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီအခြေအနေက အရင်ကာလတွေထက် အရပ်သားပစ်မှတ်ထားမှုတွေ ပိုများလာတဲ့ အခြေအနေလို့လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဘက်က ပြောပါတယ်။ ဒီအခြေအနေကို စစ်ရာဇဝတ်မှုအဖြစ် နိုင်ငံတကာက အရေးယူပေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို လက်နက်ခဲယမ်း တင်ပို့ရောင်းချတာတွေ ပိတ်ဆို့အရေးယူပေးဖို့နဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချနေတာတွေကိုပါ ရပ်တန့်အောင် လုပ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုတာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက တနိုင်ငံလုံးအတိုင်းအတာနဲ့ တန်ပြန်စစ်ဆင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ လော်ဘီချန်နယ်တွေမှာလည်း ရေးသားနေကြပါတယ်။

စစ်ကောင်စီအနေနဲ့ ဆုံးရှုံးနယ်မြေတွေကို ပြန်ပြီးရရှိဖို့အတွက် မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နိုင်တဲ့ အနေအထားမရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကိုပဲ ပိုပြီးလုပ်လာနိုင်တယ်လို့လည်း  CDM ဗိုလ်ကြီးတယောက်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို စက်တင်ဘာ ၉ ရက် ည ၉ နာရီမှာ  ဂျက်တိုက် လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ‌တိုက်ခိုက်မှုကြောင့် လေးမိုင် (နခခ-၂) စခန်းမှာ  ခေတ္တထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ အရပ်သား အကျဉ်းသား ၅၀ ကျော် သေဆုံးပြီး အများပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေဟာ မြို့ရွာတွေထဲ အဓမ္မ ဝင်ရောက်နေထိုင်နေကြတာကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ သတင်းရရှိမှုနဲ့ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ နိုင်ငံပိုင် မီဒီယာတွေကနေ ခြိမ်းခြောက်နေပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013