DVB Logo
Home
မြန်မာသတင်း
တညင်းကုန်း လက်ကားဈေးရုံ (၁) တွင် ဝယ်သူနည်းသဖြင့် ဆိုင်ခန်းများပိတ်ထားရ
DVB
·
September 11, 2024
တညင်းကုန်း လက်ကားဈေးရုံ (၁) တွင် ဝယ်သူနည်းသဖြင့် ဆိုင်ခန်းများပိတ်ထားရ
1 / 2
Donate to DVB

ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် MAEX ကုမ္ပဏီရဲ့ တညင်းကုန်း အဆင့်မြင့် လက်ကားဈေးကြီး၊ ဈေးရုံ (၁) မှာ လာရောက် ဝယ်ယူသူနည်းပါးတဲ့အတွက် ဆိုင်ခန်းရှင်တွေ အရှုံးပေါ်ပြီး ဆိုင်ပိတ်သိမ်းလိုက်တာတွေ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခု အောက်တိုဘာမှာ  စတင်ဖွင့်လှစ်ခဲ့တဲ့ တညင်းကုန်းလက္ကားဈေးကြီး ဈေးရုံ ၁ မှာ လာရောက်ဝယ်ယူသူ နည်းပါးတဲ့အတွက် ဈေးဆိုင်တွေမှာ အရှုံးပေါ်ပြီး ဆိုင်မထွက်နိုင်တဲ့အထိ ဖြစ်လာသလို ကုမ္ပဏီက သတ်မှတ်ထားတဲ့ ဆိုင်လခတွေ၊ ဒဏ်ကြေးတွေကြောင့် အခက်အခဲတွေ ဖြစ်လာပြီး စပေါ်ငွေတွေ ဆုံးရှုံးကာ ဆိုင်ခန်းတွေကိုလည်း လက်လွှတ်နေကြရပါတယ်။

ပြီးခဲ့တဲ့နှစ် ဈေးရုံစဖွင့်ချိန်မှာ ကျပ်သိန်း ၅၀ အရင်းပြုပြီး သစ်သီးဆိုင် ဖွင့်လှစ်ရောင်းချခဲ့ပေမဲ့ ဈေးရုံကြီးအတွင်း ဝယ်သူမလာ၊ လူမစည်ကားတဲ့အတွက် ဆိုင်ပြုတ်သွားတယ်လို့ ဆိုင်ရှင်တယောက်က ပြောပါတယ်။

“နောက်ဆိုင်ခန်းတွေက အမှန်ကတော့ လူမစည်တော့ မရောင်းရလို့ မထွက်ကြတာ၊ ရှုံးလို့။ ကုန်တင်တဲ့ဟာ မရောင်းရဘဲနဲ့ အမှိုက်ထဲ ရောက်ရောက်သွားတယ်။”

ဈေးရုံအမှတ် ၁ ကို စဖွင့်ခါစမှာ ကုမ္ပဏီက ဆိုင်ခန်းပိုင်ရှင်တွေကို ၃ လ အခမဲ့ရောင်းချခွင့်ပေးခဲ့ပြီးတဲ့နောက် ဆိုင်ခန်းခတွေကို ၂၀ ရာခိုင်နှုန်းလျှော့ချ ကောက်ခံခဲ့ပါတယ်။

ဒီလို ဆောင်ရွက်ပေးခဲ့ပေမဲ့ ဈေးရုံအမှတ် ၁ ကို ဖွင့်ပြီး တနှစ်နီးပါး ကြာတဲ့အထိ အရောင်းအဝယ် ကောင်းမွန်ပြီး လူစည်ကားလာတာ မရှိတဲ့အတွက် ဆိုင်ခန်းရှင်တွေမှာ ရင်းနှီးထားတဲ့ အသီးနှံတွေ ပျက်စီးဆုံးရှုံးသလို ဆိုင်လခတွေ မပေးသွင်းနိုင်တဲ့အတွက်လည်း တရက်ကို ဒဏ်ကြေး ကျပ် ၃၀၀၀ ပေးဆောင်နေရပါတယ်။

ဆိုင်ခန်းရှင်တွေက အားလုံးအတွက် ဆွေးနွေးညှိနှိုင်းစီစဥ်တာကို မျှော်လင့်ပေမဲ့ ကုမ္ပဏီဘက်ကတော့ အဲဒီလို ဆောင်ရွက်ပေးတာမရှိဘူးလို့ ဆိုင်ခန်းပိုင်ရှင်တယောက်က ပြောပါတယ်။

“ဈေးသူဈေးသားတွေ အကုန်လုံးက ညီညီညွတ်ညွတ်နဲ့ စည်းစည်းရုံးရုံးနဲ့ပြောမှ။ ဒါပေမဲ့ သူတို့ကလည်း အဲ့လိုမျိုး အပြောမခံဘူးဗျ။ ဈေးသူဈေးသားတွေကိုလည်း တဦးတယောက်ကိုပဲ လုပ်ချင်တဲ့ပုံစံလာ၊ သူတို့နဲ့ညှိနှိုင်း၊ သူတို့ကို ကိုယ်တိုင် သွားညှိနှိုင်းရမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အုပ်စုနဲ့ဖွဲ့ပြီးတော့ တောင်းဆိုတာမျိုးတွေ အလုပ်မခံဘူး။”

၂၀၁၅ ခု မတိုင်ခင်က ပဲခူးအနောက်ခြမ်းဒေသက လယ်ယာထွက်ကုန်တွေကို အဓိက သယ်ဆောင်လာတဲ့ ပြည်ရထားကို အမှီပြုပြီးဖြစ်လာတဲ့ တညင်းကုန်းဘူတာဈေးကို အဆင့်မြင့်ဈေးရုံကြီးအဖြစ် ပြောင်းလဲလိုက်ပြီးတဲ့အခါမှာတော့ ဈေးရုံကြီးတွေနဲ့ ဝယ်သူဦးရေ မမျှမတဖြစ်လာပြီး အခုလို ဝယ်သူအဝင်နည်းလို့ ဆိုင်လခတွေ မပေးသွင်းနိုင်တာ၊ ဆိုင်ခန်းပိတ်သိမ်းတာတွေ ဖြစ်လာကြတာပါ။

ဈေးရုံကြီးတွေမှာ အရောင်းအဝယ်တွေဖြစ်ပြီး စည်ကားလာဖို့ ဆောင်ရွက်သွားမယ်လို့ ကုမ္ပဏီက ဆိုင်ခန်းပိုင်ရှင်တွေကို မကြာခဏ ပြောလေ့ရှိပေမဲ့ ဈေးရုံ ၁ ရှိ ဆိုင်တန်းပေါင်း A ကနေ H အထိ ဆိုင်တန်း ၈ တန်းမှာ A နဲ့ B ဆိုင်တန်း ၂ တန်းအထိပဲ ဝယ်သူတွေရောက်လာကြပြီး ကျန်တဲ့ဆိုင်တန်းတွေအထိ ရောက်မလာကြတဲ့အတွက် ဆိုင်ခန်းတွေ ပိတ်သိမ်းရတာတွေ ဖြစ်လာကြတာပါ။

MAEX ကုမ္ပဏီလီမိတက်က အများပိုင်ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်မှာ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ၈ ခုမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာပါတယ်။

“MAEX ကသိသိသာသာ ရှိတယ်။ ကျန်တဲ့ရှယ်ယာ အဲဒီလောက်မရှိဘူး။ မနှစ်က ဝင်လာတယ်။ ၁၇၀၀။ ဒီနှစ် အမြတ်ဝေစုမပေးခင်မှာ ဧပြီကနေ စတက်သွားတာ ၂၁၀၀ ကနေ စတက်သွားတာ။ ၃၃၀၀၊ ၃၄၀၀ တက်တယ်။ အမြတ်ဝေစုပေးတဲ့အချိန်မှာ ၃၇၅၀ အထိတက်တယ်။ တစုကို ၂၀၀ ပေးတယ်။ အဲ့တော့ ကာစတန်မာတွေက တချို့တွေက ချိန်ကြတယ်။ အမြတ်ဝေစုထက် ဒီ Capital Game ကပိုသာ‌တော့ ရှယ်ယာကို ပြန်ရောင်းကြတယ်။ ဒါပေမဲ့ အခုကတော့ မြန်မာနိုင်ငံအခြေအနေက ငွေကြေးဖောင်းပွမှုကြီးတဲ့အတွက် မြင့်မားတဲ့အတွက် ရှယ်ယာဈေးတွေလည်း တက်နေတယ်။ အဲ့တော့ ကိုယ်ပြန်ဝယ်ရင်လည်း အတက်နဲ့ပဲမိမှာပဲ။ အရင်တုန်းကဆိုရင်တော့ ခုနသူပြောသလို ရှယ်ယာဈေးတွေကျတယ်။ ဒါပေမဲ့ အခုက မကျဘူး။ ထိန်းနေတယ်။ ဆိုတော့ ငွေကြေးဖောင်းပွမှုကြီးတော့ ရှယ်ယာဈေးတွေလည်း အထိုက်အလျောက်သူ့ဟာနဲ့သူကြီးနေတယ်။ သိပ်မကျဘူး။”

MAEX ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၃ - ၂၀၂၄ခုနှစ်မှာ တညင်းကုန်းလက်ကားဈေးကနေ အခွန်ပေးဆောင်ပြီး အမြတ်ငွေ ကျပ် ၅ ဒသမ ၇၄ ဘီလီယံကိုရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဲ့ဒီနှစ်အတွက် ရှယ်ယာတစုကို အမြတ်ငွေ ကျပ် ၂၀၀ ထုတ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

တညင်းကုန်းလက်ကားဈေးကနေ အကျိုးမြတ်တွေရရှိပြီး အမြတ်ငွေတွေ ထုတ်ပေးနေပေမဲ့ ကုမ္ပဏီကဖိတ်ခေါ်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေမှာ ဒုက္ခရောက်နေကြပြီး  ညှိနှိုင်း ဆောင်ရွက်တာတွေက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဆိုင်ခန်းရှင်က သုံးသပ်လိုက်ပါတယ်။

“ဒီလုပ်ငန်းမှာ သူတို့က ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ စီးပွားရေး ပိုက်ဆံရှိတဲ့လူတွေကို ကမ်းလှမ်းခေါ်တာ၊ ပိုက်ဆံရှိတဲ့သူတွေ အကုန်လုံးက ဒုက္ခရောက်နေတာ။ သူတို့ ဖိတ်ခေါ်မှုမှာ ပိုက်ဆံရှိတဲ့ လူတွေ တော်တော်များများ ဒုက္ခတွေရောက်ကြတာ အများကြီးပဲ။ တချို့ဆိုင်တွေဆို ပိတ်တောင်ပိတ်လိုက်ပြီ။ အကြွေးတွေများပြီးတော့ အဲ့လိုမျိုးတွေဖြစ်တာ အများကြီးပဲ။”

MAEX ကုမ္ပဏီက တညင်းကုန်းလက်ကားဈေးကြီးအပြင် မြန်မာ့စားဖိုချောင်လို့ တင်စားလို့ရတဲ့ ရှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေးမြို့ကို အနီးဆုံး ဆက်သွယ်ထားတဲ့ ရွာငံ -  ဟန်မြင့်မိုရ်လမ်းနဲ့ ရွာငံ - ပင်းတယ - ရပ်စောက် - အင်တော - ရှမ်းမြောက်လမ်းတို့ဆုံရာ ကျုံးရွာနဲ့ မိတ္ထီလာ - တောင်ကြီး - မိုင်းပွန် - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဟဲဟိုးမြို့တို့မှာလည်း မြေ ၃၉ ဧကပေါ်မှာ ဈေးရုံကြီးတွေ ဖွင့်လှစ်ပြီး ဆိုင်ခန်းတွေ ငှားရမ်းသွားဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013