DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ခရမ်းချဉ်သီးတပိဿာ ၂၅၀၀ အထိရှိသော်လည်း တောင်သူများ ကျပ် ၃၀၀ သာရ
DVB
·
September 10, 2024
ရန်ကုန်တွင် ခရမ်းချဉ်သီးတပိဿာ ၂၅၀၀ အထိရှိသော်လည်း တောင်သူများ ကျပ် ၃၀၀ သာရ
Donate to DVB

ရန်ကုန်မှာ ခရမ်းချဥ်သီးတပိဿာ ကျပ် ၂၅၀၀ အထိရှိပေမဲ့ ရှမ်းပြည်ဘက်က တောင်သူတွေကတော့ ခရမ်းချဉ်သီးတပိဿာ ၃၀၀ ကျပ်ပဲရလို့ တောင်သူတွေ အရှုံးပေါ်နေကြရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်က ခရမ်းချဥ်သီးစိုက်တောင်သူတွေအနေနဲ့ အခြားဒေသတွေထံ ပို့ဆောင်ဖို့ ခက်ခဲလာပြီး အထွက်နှုန်းတိုးပေမဲ့ ဈေးကောင်းမရတဲ့အခြေအနေတွေကြောင့် အရှုံးပေါ်ကာ လွှင့်ပစ်ရတဲ့ အခြေအနေတွေအထိ ရင်ဆိုင်နေကြရတယ်လို့ အောင်ပန်းမြို့မှ ဒေသခံတယောက်က ပြောပါတယ်။

“ပွဲစားတွေက ဒီဈေးပဲရမယ်ဆိုတော့ တောင်သူတွေက ဒီဈေးနဲ့ကတော့ မရောင်းဘူး၊ အကုန်လွှင့်ပစ်မယ်ဆိုပြီး လုပ်ကြတာ။ မြို့ကိုတက်ရောင်းတဲ့ တောင်သူတိုင်းလုပ်ကြတာ။ လမ်းတလျှောက်မှာ လွှင့်ပစ်ထားတဲ့ ခရမ်းချဥ်သီးတွေအများကြီးပဲ။” 

ဇူလိုင်လမှာ ခရမ်းချဥ်သီးတပိဿာကို ကျပ် ၂၅၀၀ အထိ ဈေးကောင်းရခဲ့ပေမဲ့ ဩဂုတ်လမှာ ၁၀၀၀ ကျပ်အထိ ကျဆင်းလာကာ အခု စက်တင်ဘာလပထမအပတ်မှာ တပိဿာကို ကျပ် ၃၀၀ လောက်သာ ရရှိတော့ပြီး ပွဲရုံတွေကလည်း လာရောက်ပို့ဆောင်တဲ့ တောင်သူတွေ များလွန်းတဲ့အတွက် လက်ခံတာမျိုး မရှိကြတော့ဘူးလို့ သိရပါတယ်။

အောင်ပန်းမြို့မှ ကုန်စိမ်းပွဲရုံပိုင်ရှင်တယောက်က “ကြားမှာ ဖြတ်သန်းခ၊ ဂိတ်ဖြတ်ခ၊ စစ်ဆေးစရိတ်တွေနဲ့ဆိုတော့ ရန်ကုန်အရောက်ဆိုတော့ စရိတ်ကတက်သွားတာပေါ့။ စျေးကောင်းရတုန်းက အချိန်ဆို တောင်သူတွေအဆင်ပြေမှာ။ ဒါပေမဲ့ တကယ်စိုက်တဲ့တောင်သူတွေက သိပ်မခံစားရပါဘူး၊ ပွဲစားတွေပဲ ချမ်းသာသွားတာ” လို့ ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရန်ကုန်ကို ခရမ်းချဉ်သီးအဝင်နည်းလာပြီး ခရမ်းချဉ်သီးဈေးနှုန်းတွေ မြင့်တက်လာကာ ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေဖြစ်မှာကို စိုးရိမ်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ရန်ကုန်မြို့မှာ ဂေါ်ဖီတထုတ်ကို ကျပ် ၁၀,၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013