DVB Logo
Home
နိုင်ငံတကာ
ဖွေ့ထိုင်းနှင့် ညွန့်ပေါင်း ၅ ပါတီကို ဖျက်သိမ်းရန် တိုင်ကြား
DVB
·
September 10, 2024
ဖွေ့ထိုင်းနှင့် ညွန့်ပေါင်း ၅ ပါတီကို ဖျက်သိမ်းရန် တိုင်ကြား
Donate to DVB

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ဩဇာလွှမ်းမိုးခံတာကြောင့် အာဏာရ ဖွေ့ထိုင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်တဲ့ ပါတီ ၅ ခုကို ဖျက်သိမ်းဖို့ တိုင်ကြားခံထားရတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

၂၀၀၆ ခိုဖြူအုပ်စုလို့ ထင်ရှားတဲ့ အဖွဲ့ရဲ့ ခေါင်း‌ဆောင်ဟောင်း နိုပါရု ဝိုရာချစ်ဝုသီကူးလ် ဆိုသူက ရွေးကောက်ပွဲကော်မရှင်မှာ တိုင်ကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖွေ့ထိုင်းနဲ့အတူ ပူးပေါင်းထားတဲ့ ဘွမ်ဂျိုင်ထိုင်းပါတီ၊ ယူနိုက်တက်ထိုင်းနေရှင်း (UTN) ပါတီ၊ ချာထိုင်းပတ်တနာပါတီ၊ ပါရာချာချက်ပါတီ နဲ့ PPRP ပါတီတွေကိုပါ ဖျက်ပစ်ဖို့ အတိုင်ခံရတာ ဖြစ်ပါတယ်။

ဆေထာ ထဝီးဆင်ကို ရာထူးကဖယ်ရှားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့အပြီး ဩဂုတ် ၁၄ ရက်မှာ ဒီပါတီ ၆ ခုရဲ့ အဓိကတာဝန်ရှိသူတွေနဲ့ သက်ဆင်တို့ တွေ့ဆုံခဲ့တဲ့ကိစ္စကို တိုင်ကြားတာ ဖြစ်ပါတယ်။

ဖွေ့ထိုင်းပါတီဘက်က ချိုင်ကာဆမ်နီတီဆီရီကို ဝန်ကြီးချုပ်အဖြစ် လျာထားဖို့ လိုလားတယ် ဆိုတာကို သက်ဆင်က ခေါ်အသိပေးခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီတုန်းက ပါတီခေါင်းဆောင် ဖဲထောင်းထန်းက နိုင်ငံခြားရောက်နေလို့ သမီးကိုယ်စား ဖခင်အနေနဲ့ ညှိနှိုင်းပေးခဲ့တာလို့ ဆိုပါတယ်။

တိုင်ကြားမှုမှာတော့ နိုင်ငံရေးပါတီများအက်ဥပဒေ ပုဒ်မ ၂၈ နဲ့ ၂၉ အရ ပါတီဝင်မဟုတ်တဲ့ အပြင်လူက နိုင်ငံရေးပါတီတွေကို ထိန်းချုပ်စွက်ဖက်လို့ မရပါဘူး။ ပုဒ်မ ၂၁ အရတော့ ပါတီရဲ့ လုပ်ဆောင်ချက်ကို ပါတီအမှုဆောင်တွေကပဲ အဆိုပြုရမှာ ဖြစ်ပါတယ်။ မလိုက်နာရင် ပါတီကို ဖျက်ဖို့ ကော်မရှင်က ဖွဲ့စည်းပုံခုံရုံးကို တင်ပြနိုင်ပါတယ်။

အဲဒီ ဩဂုတ် ၁၄ ရက်မှာ သက်ဆင်ဟာ ထောင်ဒဏ်လက်ကျန်ကို ခံဝန်ခြေချုပ်နဲ့ ကျခံနေရတဲ့အချိန်လည်းဖြစ်လို့ အဲဒီအချိန်အတွင်း နိုင်ငံရေးမှာ ပါဝင်ခွင့်လည်း မရှိဘူးလို့ ထောက်ပြပါတယ်။

ဒီတပတ်ကုန်မှာ ကျောင်းသားများကွန်ရက်နဲ့ ထိုင်းနိုင်ငံ ပြုပြပြောင်းလဲရေး ပြည်သူများဆိုတဲ့ အဖွဲ့၊ ဓမ္မတပ်မတော်ဆိုတဲ့အဖွဲ့နဲ့ ဘုရင်စနစ်ကို ကာကွယ်သော ထိုင်းပြည်သူများဆိုတဲ့ အဖွဲ့တွေဟာ ဆန္ဒပြဖို့ စီစဉ်ထားပါတယ်။

စစ်ဘက်နဲ့ တော်ဝင်အသိုင်းအဝိုင်းနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ ဒီအဖွဲ့တွေဟာ ဖွေ့ထိုင်းအစိုးရရဲ့ အငြင်းပွားဖွယ် မူဝါဒတွေကို စိစစ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖွေ့ထိုင်းအစိုးရဟာ Digital Wallet အစီအစဉ်အရ ထိုင်းနိုင်ငံသားတွေထဲက အကျုံးဝင်တဲ့ သန်း ၅၀ ကို တယောက် ဘတ် ၁၀,၀၀၀ စီပေးမယ့် အစီအစဉ်ကို ဆက်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။

ပထမအဆင့်အနေနဲ့ ငွေကြေးခက်ခဲသူတွေ၊ အဆင်မပြေသူတွေကို ဦးစားပေးပြီး ဒီလထဲမှာတင် ပေးဝေနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013