DVB Logo
Home
မြန်မာသတင်း
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှု မြန်မာအလုပ်သမား ၂ ဦးကို ပြန်သရုပ်ဖော်ပြ
DVB
·
October 3, 2014
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှု မြန်မာအလုပ်သမား ၂ ဦးကို ပြန်သရုပ်ဖော်ပြ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား သမီးရည်းစား ၂ ဦး အသတ်ခံရပြီးတဲ့နောက်ပိုင်း ထိုင်းရဲတွေက တရားခံတွေကို ၂ ပတ်ကျော် စစ်ဆေးရှာဖွေခဲ့တာမှာ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းမှာတော့ မြန်မာအလုပ်သမား ၂  ဦးကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဆုမ်ယုတ် ဖုန့်ဖန်းမောင့်   ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် တွေဟာ   အောက်တိုဘာလ ၃ ရက် မနက်က  ကော်တောင်ကျွန်းမှာ သတင်း စာရှင်းလင်းပွဲကျင်းပပြီး ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမားတွေကို မီဒီယာတွေရှေ့ ချပြခဲ့ပါတယ်။

1655881_1541740519391658_6919278869261738109_nသတင်းစာရှင်းလင်းပွဲမလုပ်ခင် လူသတ်မှု ကျူးလွန်တယ်လို့ သံသယနဲ့ ဖမ်းဆီးထားတဲ့  မြန်မာအလုပ်သမား အသက် ၂၁ နှစ်အရွယ် ကိုဝင်း နဲ့ အသက် ၂၁ နှစ် အရွယ် ကိုဇော် တို့ ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှာ ပြန်လည် သရုပ်ဖော်ခိုင်းခဲ့တာပါ။

“ဒီသံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။  တချိန်ထဲမှာပဲ သူတို့ဟာ လက်သည်တွေဆိုတာ ၀န်ခံခဲ့ကြတယ်။  ဒါကြောင့် ဒီနေ့မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ ၀တ္တရားအတိုင်း မှန်မှန်ကန်ကန်လုပ်နိုင်အောင် သူတို့ကို ပြန်လည်သရုပ်ဖော်ပြဖို့ ကျနော်တို့ ခေါ်လာတာပါ။”

ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဆုမ်ယုတ် ဖုန့်ဖန်းမောင့် က ထိုင်းဘာသာနဲ့ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဖမ်းဆီးထားသူ ၂ ဦးဟာ  စက်တင်ဘာလ ၁၄ ရက် ညက  သောင်ပြင်ကမ်းစပ်မှာ ဂစ်တာတီး သီချင်းဆိုနေတုန်း နိုင်ငံခြားသမီးရည်းစား ၂ ဦးက ချစ်တင်းနှောနေတာကို တွေ့ရှိပြီး   စိတ်မထိန်းနိုင်ဘဲ ပြစ်မှုကျူးလွန်ခဲ့တာလို့ ထွက်ဆိုခဲ့တယ်လို့လည်းပြောပါတယ်။

ဒီအဲန်အေ (မျိုးဗီဇ) စစ်ဆေးတွေ့ရှိချက်အရလည်း သူတို့ ၂ ဦးရဲ့ DNA နဲ့ အသတ်ခံရသူ အမျိုးသမီးခနကိုယ်က ဒီအဲန်အေ တူညီမှုရှိကြောင်း၊ ဒါ့အပြင် စောင့်ကြည့်ကင်မရာ၊ အနီးနား ပတ်ဝန်းကျင်နေ ထိုင်သူတွေကို စစ်ဆေးမေးမြန်းမှု စတဲ့ သက်သေအထောက် အထားတွေ ခိုင်ခိုင်လုံလုံရှိလို့ တရားခံဟာ အစစ်ဖြစ်ကြောင်း၊ မှားယွင်းဖမ်းဆီးမှု မဟုတ်ကြောင်း လည်း ထိုင်းရဲချုပ်က ရှင်းလင်းသွားပါတယ်။

ဒါ့အပြင် ကိုဝင်း ဆိုသူဟာ ယခင်က ဆံပင်အနီရောင်ဆေးဆိုးထားပြီး အခင်းဖြစ်ပြီးမကြာခင် အနက်ရောင်ဆေးပြန်ဆိုးခဲ့ကြောင်း၊ ရဲတွေက ကိုဝင်းရဲ့အခန်းကို သွားရောက်စစ်ဆေးရာမှာ အိမ်နောက်ဖေး မြက်ခင်းကနေ သေဆုံးသူအမျိုးသမီးရဲ့ တယ်လီဖုန်းကို တွေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီမတိုင်ခင်က ဈေးဆိုင်တဆိုင်ရဲ့ CCTV ကင်မရာကနေ မြန်မာအလုပ်သမားတဦး  ဆေးလိပ်လာ ၀ယ်တဲ့ပုံကို ရရှိခဲ့ကြောင်း၊ အဲဒီဆေးလိပ်ဟာ လူသတ်မှုဖြစ်တဲ့နေ ရာမှာ တွေ့ရှိ တဲ့ ဆေးလိပ်အမျိုးအစားဖြစ်လို့ ဆေးလိပ်လာဝယ်သူ အသက် ၂၃ နှစ်အရွယ် မြန်မာ အလုပ်သမား ကိုမောင် ကို ရဲတွေက အရင်ခေါ်ယူစစ်မေးခဲ့ကြောင်း၊ ဒါပေမယ့် သူဟာ ဒီလူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ အခင်းဖြစ်တဲ့ညက သူငယ်ချင်း ၃ ဦး သောင်ပြင်မှာ ဂစ်တာတီးနေပြီး သူကတော့ ရည်းစားနဲ့ ချိန်းထားတဲ့အတွက် အရင်ပြန်ခဲ့ကာ သူငယ်ချင်း ၂ ယောက်က ကျန်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲအရာရှိတို့ အပြောကို ကိုးကားပြီး ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမာေးတွဘက်က ကူညီဆောင်ရွက်နေတဲ့ ဥပဒေအကြံပေး ဦးမျိုးသန့်က တော့ အခုလို ပြောပါတယ်။

“ဒီကလေးတွေထဲက ၂ ယောက်က အရင်တုန်းကတည်းက ခေါ်စစ်ပြီးပါပြီ။ ခေါ်စစ်ပြီးတော့ အပြစ်မရှိလို့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုအချိန် ၁၇ ရက်လောက်ရှိပြီးမှ ဒီကလေး ၂ ယောက် ပါတယ်ဆိုပြီး ပြန်ဖမ်းတဲ့ သဘောပါ။ အဲဒီတုန်းကလည်း ဒီအန်အေ တွေဘာတွေ ယူတယ်လို့ သိရတယ်။ ဒါပေမယ့် အဲဒီတုန်းက ဘာမှမပြောပဲ ပြန်လွှတ်လိုက်ပြီးတော့ အခုမှ ပါတယ်ဆိုတာမျိုးဖြစ်တာပါ။ အခုအချိန်မှာ အရေးတကြီးအနေနဲ့ ကျနော်တို့က သံရုံးရဲ့ အမိန့်ကို နာခံပြီး ဒီကလေးတွေ ရှိတဲ့နေရာကို သွားတွေ့ပြီးတော့ အဖြစ်မှန်ကို အရင်ဆုံး မေးမြန်းဖို့ လိုပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ရဲစခန်းထဲမှာ အဖမ်းခံရတဲ့ ကလေးရဲ့ ၀န်ခံချက်အရ အခုလို အဖမ်းခံရတာဖြစ်ပြီးတော့ ဒီလို ၃ ယောက်ချင်း အတူတူမှာကို ကျန်တဲ့ ၂ ယောက် ဒီကိစ္စနဲ့ ပတ်သက်လို့ မသိဘူးလို့ ပြောထားတာရှိပါတယ်။ အဲဒီအဖမ်းခံရတဲ့ ကလေးကလည်း လိပ်ကျွန်းမှာ အဖမ်းခံရတာမဟုတ်ပဲ စူရတ်ဌာနီမှာ အဖမ်းခံရတာပါ။ အဲဒီတော့ ရဲစခန်းထဲမှာ ပေးတဲ့ ဖြောင့်ချက်က ကျနော်တို့ကတော့ သက်သေခံ မဟုတ်ဘူးလို့ပဲ သတ်မှတ်ပါတယ်။”

မြန်မာသံရုံးကလည်း ဒီကိစ္စကို ထိုင်းရှေ့နေတွေနဲ့တူ ဖမ်းဆီးခံရသူတွေကို သွားရောက် တွေ့ဆုံနိုင်ဖို့ လုပ်ဆောင်နေတယ်တယ်လို့လည်း ပြောပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ကို ကြိုစားသွားမယ်လို့လည်း ဦးမျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ ဒါကို အစွမ်းကုန် ဆောင်ရွက်ပေးဖို့ အစီအစဉ်လုပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်က ဖြစ်ခဲ့တဲ့ ချင်းမိုင်မှာ ထိုင်းကျောင်းသူလေး မုဒိမ်းကျင့်ခံရတဲ့ကိစ္စမှာ နောက်ဆုံး မြန်မာတွေကိုပဲ မုဒိမ်းကျင့်ပါတယ်ဆိုပြီးတော့ အရိုက်ခံရတယ်၊ အိမ်တွေ အဖျက်ခံ ရတယ် ဖြစ်ပြီးတော့ နောက်ဆုံးမှာ လာအိုလူမျိုး ၂ ယောက်ဆိုပြီး သာဓက တခု ရှိခဲ့ပါတယ်။ အဲဒီလို အဖြစ်မခံချင်လို့ အမှန်ဆိုရင်တော့ သူ့ပြစ်မှု သူခံရမှာဖြစ်ပြီး အမှန်မဟုတ်ပဲ ထိုးကျွေးခံရမှာစိုးလို့ လိုက်ပါဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။”

ဗြိတန်လူငယ် ၂ ဦးဖြစ်တဲ့  ဒေးဗစ်မေလာ ၂၄ နှစ်နဲ့ ဟန်နာ ဝစ်သာရစ်ခ်ျ အသက် ၂၃ နှစ်တို့ရဲ့ အလောင်းတွေကို ထိုင်းရဲတွေက စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်းမှာ တွေ့ရှိခဲ့ပြီး ဒေးဗစ်က ဦးခေါင်းမှာ အရိုက်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးကာ ဟန်နာကတော့ အဓမ ပြုကျင့်ခံရ  ရေနှစ်ခံရပြီး  သေဆုံးခဲ့တာပါ။

သူတို့အလောင်းကို စက်တင်ဘာလ ၂၁ ရက်နေ့က နေရင်းနိုင်ငံ ပြန်လည်ပို့ဆောင်ခဲ့ပြီး လူသတ် တရားခံကို ဖမ်းဆီးရမိဖို့ ထိုင်းရဲတွေက ကျွန်းပေါ်က လူပေါင်း ၈၀၀ ရဲ့ ဒီအဲန်အေ (မျိုးဗီဇ) တွေကို စစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013