DVB Logo
Home
မြန်မာသတင်း
အနာဂတ်မျိုးဆက်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် မြန်မာသံအမတ်ကြီး တိုက်တွန်း 
DVB
·
September 9, 2024
အနာဂတ်မျိုးဆက်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် မြန်မာသံအမတ်ကြီး တိုက်တွန်း 
1 / 8
Donate to DVB

အနာဂတ်မျိုးဆက်အတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Broken Dreams ရုပ်ရှင်ပြပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီးက မေတ္တာရပ်ခံလိုက်ပါတယ်။

အမိမြေမှကမ်းလက်များ (Helping Hands for Burma - H2B ) ကစီစဉ်တဲ့ Broken Dreams ကျိုးပဲ့အိပ်မက်များ ရုပ်ရှင်ပြပွဲကို ဒေသစံတော်ချိန် စက်တင်ဘာ ၈ ရက်က နယူးယောက်မြို့၊ Walter W.Birge III Theater မှာ ပြုလုပ်ခဲ့တာပါ။

ရုပ်ရှင်ပြပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပြီး သံတမန်ရေးရာ ဆောင်ရွက်နေတာတွေနဲ့ ပွဲတက်ရောက်လာတဲ့သူတွေရဲ့ မေးမြန်းချက်တချို့ကို ရှင်းလင်းဖြေဆိုခဲ့ပါတယ်။

သံတမန်အသိုင်းအဝိုင်းမှာ မြန်မာ့အရေးကို ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့နဲ့ နောင်မျိုးဆက်တွေ အတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့ ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ပြောတဲ့ Message က ကျနော်တို့ ရည်မှန်းချက်အတိုင်း သွားနေတာဖြစ်တယ်။ ရည်မှန်းချက်ကို ရောက်ကိုရောက်အောင် ကျနော်တို့ သွားမယ်၊ အခု Current Generation နဲ့ Future Generation အတွက်ကို လုပ်နေကြတာဖြစ်တဲ့အတွက် ပြတ်သားတဲ့ သန္နိဋ္ဌာန်ကို ကျနော်တို့ အောင်မြင်မှပဲ လက်ရှိ ကျနော်တို့ရဲ့ Generation ၊ လာမယ့်သားသမီးတွေရဲ့ Generation က ဖြောင့်ဖြူးမယ်ပေါ့နော်။ ဒါအတွက် ကျနော်တို့က အခု အားလုံးက လုပ်ဆောင်နေရတာပါဆိုတဲ့ Message ကို ကျနော် အမြဲတမ်းပေးဖြစ်တယ်ပေါ့နော်။"

Broken Dreams ရုပ်ရှင်ပြပွဲမှာ စစ်အာဏာသိမ်းမှုအလွန် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒါရိုက်တာ ၈ ယောက်က ရိုက်ကူးတင်ပြထားတဲ့ ဇာတ်လမ်းတို ၉ ပုဒ်ကို စုစည်းပြီး omnibus ဇာတ်ကားရှည်အဖြစ် ပြသခဲ့တာဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပ မြန်မာပြည်သူတွေရဲ့အခက်အခဲတွေကို နိုင်ငံတကာနဲ့ ပြည်သူတွေအချင်းချင်း ထောက်ထားနားလည်နိုင်ဖို့ အနုပညာအားဖြင့် ရည်ရွယ်တင်ဆက်ထားတယ်လို့ ရုပ်ရှင်တွေမှာ ပါဝင်တဲ့ သရုပ်ဆောင်အနုပညာရှင်တွေက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်ပွဲ လာရောက်အားပေးသူတဦးက “ဒီလိုစိတ်ကူးတွေ ဒီလိုစကားလုံးတွေက ငါတယောက်တည်း တွေးမိနေတာ မဟုတ်ဘူးပေါ့နော်။ အကုန်လုံး အတူတူပဲ၊ ဒီအခြေအနေမှာ ဒီလမ်းကို သွားနေတဲ့သူ အကုန်လုံးက ဒီအတွေး ထပ်တူညီပါလားဆိုတဲ့အားကိုရတော့ ပိုအားရှိတယ်ပေါ့နော်။ ဒါပေမဲ့ တခုကတော့ အများကြီးကို ကြည့်လိုက်တဲ့အခါမှာ အဲဒါတွေကိုကြည့်ပြီးတော့ လူက အရမ်းပင်ပန်းတယ်၊ ဒါပေမဲ့ အားပိုရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ရုပ်ရှင်ပွဲလာရောက်အားပေးသူတဦး “အားလုံး ဇွဲမလျော့ကြနဲ့၊ ပြီးတော့ ကျနော်တို့ ဒီထက်ပိုပြီး ကလေးသူငယ်တွေနဲ့ အပြစ်မဲ့တဲ့သူတွေ ဒီထက်ပိုပြီး မသေဖို့ လိုတယ်ပေါ့နော်။ ကျနော်တို့အားလုံး စုစုစည်းစည်းနဲ့ ဒီအာဏာရှင်ကို အမြန်ဆုံးအဆုံးသတ်ဖို့ ဝိုင်းဝန်းကြဖို့ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာတွေရော မြန်မာပြည်မှာရှိတဲ့သူတွေအားလုံး ပါဝင်ကြပါလို့ ကျနော် အလေးအနက် တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

Broken Dreams ရုပ်ရှင်ပြပွဲမှာ အမှတ်တရပစ္စည်းတွေ ရောင်းချတာ၊ ရုပ်ရှင်ဖန်တီးသူတွေက နယူးယောက်ပွဲအတွက် သီးသန့်ပေးပို့ထားတဲ့ ပန်းချီကားတွေနဲ့ အမှတ်တရပစ္စည်းတွေ လေလံတင် ရောင်းချတာ၊ မြန်မာ့ရိုးရာအစားအစာတွေကို ရောင်းချတာတွေ ပြုလုပ်ခဲ့ပြီး ရလာတဲ့ ရန်ပုံငွေတွေအားလုံးကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေဆီ တိုက်ရိုက်ပေးပို့လှူဒါန်းသွားမယ်လို့ Helping Hands for Burma - H2B အဖွဲ့က ပြောပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013