DVB Logo
Home
မြန်မာသတင်း
ဖားကန့်က တိုက်ပွဲအတွင်း ဒေသခံ ၃ ဦးသေဆုံး
DVB
·
September 8, 2024
ဖားကန့်က တိုက်ပွဲအတွင်း ဒေသခံ ၃ ဦးသေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ရွာမှာ စစ်ကောင်စီတပ်နဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ လူငယ် ၃ ယောက် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ညမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဆိုင်းတောင်ရွာက Lucky Man Hotel မှာ KIA KPDF တွေရှိတယ်ဆိုပြီး ဝင်စီးခဲ့ပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

ဒေသခံတယောက်က “မနေ့က ပြည်သူ ၃ ဦး သေတယ်။ လူငယ် အမျိုးသား ၃ ယောက်ပေါ့။ အလောင်းတွေကိုတော့ မနက်ကမှ လာကောက်သွားကြတယ်။ အခု ဆိုင်းတောင်က အဝင်အထွက် အကုန်ပိတ်ထားတယ်။ အခုက Lucky Man Hotel မှာ ဝင်စီး စစ်ကြောင်းထိုးတဲ့ စကစကို ပြန်ဝိုင်းထားတဲ့ အခြေအနေ။ ယူမာဘက် လမ်းတွေလည်း အကုန်ပိတ်ထားတယ်” လို့ ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဆိုင်းတောင်ရွာ အဝင်အထွက်လမ်းတွေကိုလည်း အကုန်ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “၆ ရက်ည ၁၁ နာရီလောက် ဆိုင်းတောင်ရွာကို စစ်ကြောင်းဝင်လာတယ်။ Lucky Man Hotel ကို ဝင်စီးပြီး ဟိုတယ်ထဲက လူတွေကိုလည်း ဖမ်းထားတယ်။ ၆ ရက်ညနဲ့ ၇ ရက်မနက်ကတော့ တောက်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားရတယ်။ မနေ့ကလည်း တနေကုန်ပဲ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ပစ်ခတ်သံတွေ ကြားရတယ်။ ဒီမနက် ၈ ရက်နေ့လည်း မနက်ကတည်းက သေနတ်သံတွေကြားနေရပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဆိုင်းတောင်ရွာထဲက ဒေသခံတချို့ကတော့ တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ညတွင်းချင်း တိမ်း‌ရှောင်သွားကြပြီး တချို့ကတော့ ရွာထဲ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

လက်ရှိ ဆိုင်းတောင်ရွာအတွင်းမှာတော့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ကျန်နေခဲ့တဲ့ ပြည်သူတွေကတော့ နေအိမ်ထဲ တံခါးပိတ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ ဝိုင်ဖိုင်လိုင်းတွေကို ဖြတ်တောက်ခံထားရတာာ ၂ လနီးပါး ရှိလာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ကုန်းလမ်း၊ ရေလမ်းအပြင် လေကြောင်းကနေပါ အင်အားဖြည့်တင်းနေတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း ဖားကန့်-ဆိုင်းတောင်-လုံးခင်း လမ်းဟောင်းဘက် ဂျန်ဂတ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KIA KPDF ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဂျန်ဂတ်ဘက်မှာလည်း လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

ဩဂုတ် ၁၅ ရက်နေ့က ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စတင် စစ်ရေးလှုပ်ရှားလာပြီး စက်တင်ဘာ ၄ ရက်နေ့မှာတော့ မရှီကထောင်ဘက်မှာ စစ်ရေးလှုပ်ရှားလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013