DVB Logo
Home
မြန်မာသတင်း
အိန္ဒိယတွင် ဖမ်းဆီးထောင်ချခံရသည့် မြန်မာစစ်ရှောင် ရာချီ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
September 8, 2024
အိန္ဒိယတွင် ဖမ်းဆီးထောင်ချခံရသည့် မြန်မာစစ်ရှောင် ရာချီ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ
Donate to DVB

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာစစ်ရှောင် ရာနဲ့ချီ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး ဒုက္ခကြုံတွေ့နေရတယ်လို့ India for Myanmar အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးပြင်းထန်နေတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြည်တွင်းမှာပဲ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့သူတွေရှိသလို အိမ်နီးချင်း နိုင်ငံတွေဘက်ကို ထွက်ပြေးနေသူတွေလည်း ရှိပါတယ်။

အဲဒီထဲက ချင်း၊ စစ်ကိုင်း၊ မကွေး စတဲ့နေရာကလူတွေကတော့ အနီးဆုံးဖြစ်တဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးနေကြပြီး India for Myanmar ရဲ့ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၇ သောင်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

အဲဒီထဲက အများစုကတော့ မီဇိုရမ်ပြည်နယ်မှာနေထိုင်ကြတာဖြစ်ပြီး၊ မဏိပူပြည်နယ်၊ အာသံပြည်နယ်နဲ့ နယူးဒေလီမြို့တို့ကိုလည်း ရောက်ရှိနေကြတာပါ။

မဏိပူနဲ့ အာသံ ပြည်နယ်တို့မှာတော့ မြန်မာစစ်ဘေးရှောင်တွေ ဖမ်းဆီးထောင်ချခံနေရပြီး စုစုပေါင်း အယောက် ၂၅၀ ထောင်ချခံခဲ့ရသလို အဲဒီထဲက ၇၇ ယောက်ကတော့ စစ်ကောင်စီဘက်ကို ပြန်လည်လွှဲပြောင်းခံခဲ့ရတယ်လို့ India for Myanmar က ဆိုပါတယ်။

လက်ရှိ ထောင်တွင်းမှာ ကျန်နေသူတွေကလည်း လွတ်ရက်စေ့ပေမယ့် ဆက်လက် ထိန်းသိမ်းခံရတာ၊  ကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ ထောင်ဝင်စာ တွေ့လို့မရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံနေရသလို စစ်ကောင်စီဘက်ကို ပြန်ပြီး လွှဲပြောင်းပေးခံရနိုင်တဲ့ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ India for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။

ဖမ်းဆီးမခံရဘဲ အပြင်မှာ ရှိနေတဲ့သူတွေကလည်း အိန္ဒိယအစိုးရရဲ့ ကူညီထောက်ပံမှုတွေ မရတဲ့အပြင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အထူးသဖြင့် ဒေသတွင်းပဋိပက္ခတွေ ရှိနေတဲ့ မဏိပူပြည်နယ်မှာဆိုရင် ဒုက္ခသည်မုန်းတီးရေး ဝါဒဖြန့်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလို၊ ပြည်နယ်အစိုးရရဲ့ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးမှုတွေလည်း ရှိနေတာကြောင့် အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီကိစ္စတွေအပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်း ဖြေရှင်းပေးဖို့ကိုလည်း India for Myanmar က တောင်းဆိုပါတယ်။

India for myanmar ရဲ့ အချက်အလက်တွေအရ ထောင်ချခံခဲ့သူတွေထဲမှာ ထောင်တွင်း မွေးဖွားသူ ကလေးငယ် ၇ ယောက် အပါအဝင် ၁၅ နှစ်အောက် ၂၆ ယောက်လည်းပါဝင်ပြီး အိန္ဒိယအစိုးရအနေနဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းတာတွေ မလုပ်ဖို့၊ စစ်ကောင်စီကို ကူညီထောက်ပံ့တာတွေ မလုပ်ဖို့၊ လူသားချင်းစာနာထောက်ထားဖို့ကိုလည်း India for Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013