
အင်္ဂလန်နဲ့ အိုင်ယာလန်ပွဲစဉ်မှာ နိုင်ငံတော်သီချင်းသီဆိုခဲ့ခြင်းမရှိတဲ့အပေါ် နည်းပြရာထူးနဲ့ ပတ်သက်ပြီး သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း နည်းပြလီကာစ်လေက ပြောသွားပါတယ်။
ကာစ်လေဟာ အိုင်ယာလန်လူမျိုးဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကမှာ ကျင်လည်ခဲ့သူဖြစ်ပြီး အင်္ဂလန်နည်းပြတယောက်ဖြစ်ပေမဲ့ ယူကေနိုင်ငံတော်သီချင်း သီဆိုချိန်မှာ သီဆိုခြင်းမရှိတဲ့အပေါ် ဝေဖန်ခံနေရတာပါ။
အင်္ဂလန်နည်းပြအဖွဲ့ဝင်တွေအားလုံးက God Save the King ဆိုတဲ့ ယူကေ နိုင်ငံတော်သီချင်း သီဆိုခဲ့ပေမဲ့ ယာယီနည်းပြချုပ် လီကာစ်လေ တယောက်ကပဲ နိုင်ငံတော်သီချင်း မဆိုခဲ့တာ ဖြစ်ပါတယ်။
နည်းပြကာစ်လေကတာ့ နိုင်ငံတော်သီချင်းကို သီဆိုလေ့ရှိသူမဟုတ်ကြောင်းနဲ့ ၂ နိုင်ငံစလုံးရဲ့ နိုင်ငံတော်သီချင်းတွေကို လေးစားကြောင်း၊ ဒီဖြစ်ရပ်က အင်္ဂလန်နည်းပြရာထူးအပေါ် သက်ရောက်မှုရှိမှာမဟုတ်ကြောင်း ကာစ်လေက ပြောသွားပါတယ်။
အဆိုပါပွဲစဉ်မှာ အင်္ဂလန်အသင်းက အိုင်ယာလန် ကစားသမားဟောင်းတွေဖြစ်တဲ့ ဒက်ကလန်ရိုက်စ်၊ ဂျက်ဂရေးလစ်ရှ်တို့ရဲ့ ဂိုးတွေနဲ့ အတူ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။