DVB Logo
Home
မြန်မာသတင်း
နောင်ချိုနှင့် ရပ်စောက်တွင် တိုက်ပွဲများ ပြင်းထန်နေ
DVB
·
September 7, 2024
နောင်ချိုနှင့် ရပ်စောက်တွင် တိုက်ပွဲများ ပြင်းထန်နေ
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စက်တင်ဘာ ၇ ရက်‌ ဒီနေ့မနက်မှာ တိုက်ပွဲပြင်းထန်နေပြီး ရပ်စောက်မြို့နယ်မှာလည်း စက်တင်ဘာ ၆ ရက် မနက်ကစလို့ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့အကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

နောင်ချိုမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်က သဲခေါ်ရွာနားမှာ အင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဒီနေ့မနက် ၃ နာရီလောက်ကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “သဲခေါ်အနီးက စိုက်ပျိုးရေးခြံမှာ တိုက်ပွဲအရမ်းပြင်းထန်နေတယ်။ ဒီမနက် ၃ နာရီလောက်ကတည်းက။ လက်နက်ကြီးသံတွေ တရစပ် ကြားနေရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကားတွေအများကြီး အဲဒီ နောင်ချိုလမ်းဘက် ဦးတည်အင်အား ထပ်ဖြည့်ဖို့ တက်သွားတာတွေ့ရကြောင်း ပြင်ဦးလွင် ဒေသခံတယောက်က ပြောပြလာကြောင်းလည်း သူက ဆိုပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဂန့်ကော်၊ ဆမ္မဆယ်ဘက်ကနေ အင်အားအများအပြား ထပ်ဖြည့်လာတယ်လို့ ခရီးသွားတွေဆီသိရပြီး တိုက်ပွဲက ပိုမိုပြင်းထန်လာဖို့ များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်နေ့တွေက TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က ခဏဖယ်ပေးပြီး စစ်ကောင်စီတပ်ဖွဲ့ကို လမ်းဖွင့်ပေးလိုက်တာကြောင့် စစ်ကောင်စီတပ်တွေဟာ ဆမ္မဆယ်၊ ရွှေညောင်ပင်ဘက်အထိ ရောက်သွားပြီး တိုက်ပွဲဖြစ်‌လာတာလို့ နေက်ထပ်ဒေသခံတယောက်က ပြောပါတယ်။

“ဟိုနေ့က စစ်ကောင်စီဘက်က ၉ ယောက်သေပြီး ၁၇ ယောက် ဖမ်းမိထားတယ်လို့ သိရတယ်။ အဲဒါကြောင့် စစ်ကောင်စီတွေ ရှုံးလို့စိတ်တိုပြီး ပြင်ဦးလွင်ကနေ ထပ်တက်လာတာ။ ဒီမနက်တော့ အသေအလဲ ချနေကြပြီထင်တယ်။ အသံတွေက တရစပ်ပဲ။”

TNLA နဲ့ ပူးပေါင်းအဖွဲ့က လူအင်အား သိပ်မများပေမဲ့ စစ်ကောင်စီတပ်ဖွဲ့‌ကို မျှားခေါ်ပြီး ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ခဏခဏ ခံရတယ်လို့ သူကဆက်ပြောပါတယ်။

“တိုက်ပွဲ ပြန်ဖြစ်လာလို့ ဘန့်ဘွေးနဲ့ ပြင်ဦးလွင်လမ်းလည်း ပိတ်လိုက်ပြီပြောတယ်။ ဘန့်ဘွေးကနေလေ။ တောင်ခမ်းက မကျသေးဘူး။ စစ်ကောင်စီ တပ်ဖွဲ့တွေက ဂူထဲအောင်းနေလို့ ခက်နေတာတဲ့။”

၁၀၂၇ ဒုတိယအကျော့မှာ နောင်ချိုကိုသိမ်းပြီးနောက်ပိုင်း ‌နောင်ချိုမြို့နယ်၊ သဲခေါ်ရွာဘက်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေနေရာယူထားပြီး ရေဝင်ရွာဘက်မှာတော့ စစ်ကောင်စီဘက်က ‌နေရာယူထားကြသလို ဒေသခံတွေကတော့ တိုက်ပွဲဘေးလွတ်ရာ လယ်တောတွေမှာ တိမ်းရှောင်နေကြတာ ၂ လကျော်ပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ စက်တင်ဘာ ၆ ရက် မနက် ၅ နာရီကနေစပြီး စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ရဲစခန်းနားမှာဖြစ်ပြီးတော့ သူတို့ စစ်ကြောင်းထိုးလာတာပါ။ ရဲစခန်းနားမှာရှိတဲ့အဖွဲ့တွေနဲ့ စဖြစ်တာပါ။ နောက်တော့ သူတို့စစ်ကူလာဖို့ စစ်ကြောင်းထိုးလာတဲ့အဖွဲ့နဲ့ ဆက်ဖြစ်တာပါ။ သူတို့ကတော့ ပြန်ဆုတ်သွားပြီ။ လက်နက်ကြီးပစ်တာတွေတော့ရှိတယ်။ ကျန်တဲ့ဟာတွေကတော့ စစ်ရေးမို့လို့ အသေးစိတ် ပြောလို့မရပါဘူးဗျ။” 

ကျောက်ဂူရဲစခန်းအနီးမှာ မနက်အစောပိုင်းက ထိတွေ့တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကူဖို့အတွက် အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်မှာ တကြိမ်၊ ညနေ ၃ နာရီကျော်မှာတကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံး ရှိ၊ မရှိကိုတော့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က တိုက်ပွဲမရှိဘဲ ဝါးပြားကျေးရွာအတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ အရွယ် ပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံအပါအဝင် တခြားအဆောက်အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013