DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗုံးကြဲသဖြင့် ၂ ရက်အတွင်း ကလေး ၁၂ ဦးအပါအဝင် ၃၀ ထက်မနည်းသေ
DVB
·
September 7, 2024
စစ်ကောင်စီဗုံးကြဲသဖြင့် ၂ ရက်အတွင်း ကလေး ၁၂ ဦးအပါအဝင် ၃၀ ထက်မနည်းသေ
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးသူ ၁၂ ယောက် ရှိလာတာကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီဗုံးကြဲလို့ ကလေး၁၂ ယောက် အပါအဝင် ၃၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။

တရုတ် - မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့ကို စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ ပြည်သူ ၁၂ ယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရပြီး နေအိမ် ၇၀ လောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “Update တော့ သေတာ ၁၂ ယောက်။ ဒဏ်ရာရတာ ၁၃ ယောက် တဲ့။ ဗုံးကြဲတာက ၂ လုံး မဟုတ်ဘူး။ ၄ လုံး ဖြစ်နေတယ်။ တနေရာကို ၂ လုံး၊ ၂ လုံး ဖြစ်နေတယ်။ အကုန်လုံး အရပ်သားပဲ” လို့ ပြောပါတယ်။ 

စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲခန့်က နမ့်ခမ်းနဲ့ မန့်ဝိန်းကြား ‌တိုက်လေယာဉ် ၂ စင်း ပျံဝဲနေတာ ကြားရပြီး နမ့်ခမ်းမှာ ဗုံး ၄ လုံး ကြဲချခဲ့ပြီးတဲ့နောက် တစင်းက ရွှေလီမြစ်ကြောင်း အတိုင်း ပျံသန်းသွားပြီး နောက်တစင်းက ဗန်းမော်ဘက် ဦးတည်ပျံသန်းသွားတယ် လို့ KIA သတင်း ရင်းမြစ် တွေဆီက သိရပါတယ်။

အရင်နေ့‌တွေကတည်းက ကင်းထောက်လေယာဉ် ခဏခဏလာဝဲနေခဲ့ပြီး တိုက်လေယာဉ်နဲ့ ၂ နေရာ ဗုံးလာကြဲသွားတာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။ 

“လုံးလုံးပျက်စီးသွားတဲ့ နေအိမ်  ၂၀ ခန့် ရှိတယ်။ အနည်းငယ်ထိခိုက်ပျက်စီးတဲ့ နေအိမ် ၅၀ ထက် မနည်းရှိတယ်။ ပြည်သူတွေ အားလုံးထိတ်လန့်ကုန်ပြီ” လို့ သူက ပြောပါတယ်။

နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးက ပြည်သူလူထုနေအိမ်တွေအပေါ်နဲ့ ကျားဖြူခန်းမအနီးဘက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်၊ ကိုယ်ဝန်ဆောင်မိခင် ၁ ယောက်၊ ပရဟိတသမား ၁ ယောက် အပါအဝင် ၁၁ ယောက် သေဆုံး၊ ကလေးငယ် ၂  ယောက် အပါအဝင် ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ကနဦးသတင်းထုတ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမအကျော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ နမ့်ခမ်းမြို့ကို TNLA ဘက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး TNLA အုပ်ချုပ်ပြီးနောက်ပိုင်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ ကလည်း နောင်ချိုမြို့နယ်၊ မဲပုတ်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းကလည်း မန်တုံမြို့ကို ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့ တို့မှာလည်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က လေကြောင်းကနေ ခပ်စိပ်စိပ်တိုက်ခိုက်လာတာကို တွေ့ရပါတယ်။

ကရင်နီ(ကယား)ပြည်မှာတော့ ဖယ်ခုံမြို့နယ်အနောက်ခြမ်း လအိကျေးရွာနားက ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၅ ရက် ည ၉ နာရီကျော်မှာ တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲလို့ ကလေးငယ် ၇ ယောက် အပါအဝင် ၉ ယောက် သေဆုံးခဲ့ပါတယ်။

အသက် ၁၀ နှစ်ဝန်းကျင် ယောကျ်ားလေး ၂ ယောက်၊ မိန်းကလေး ၂ ယောက်၊ အသက် ၁၃ နှစ်ဝန်းကျင် မိန်းကလေး ၃ ယောက်နဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၂ ယောက် စုစုပေါင်း ၉ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

ဗုံးကြဲတာကြောင့် စစ်ရှောင်  ၁,၀၀၀ လောက်နေထိုင်တဲ့ ဘန်ကောက်စစ်ဘေးရှောင်စခန်းက လူ နေအိမ် ၂၀ လောက် ပျက်စီးသွားခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်က စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကရင်နီပြည်နယ်၊ လွိုင်ကော်ကို သွားရောက်လည်ပတ်ချိန် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီးနောက်တရက်  စက်တင်ဘာ ၅ ရက် မနက်ပိုင်မှာ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ လူ ၃ ယောက် သေဆုံးခဲ့ရပြီး ညပိုင်းမှာတော့  လအိကျေးရွာနားက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ  ဗုံးကြဲ တိုက်ခိုက်တာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း လက်ယက်မရွာကို စက်တင်ဘာ ၆ ရက်‌ နေ့လယ် ၁ နာရီလောက်မှာ လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက်သေဆုံး၊ အများအပြားဒဏ်ရပြီး စာသင်ကျောင်းနဲ့ အိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “တိုက်ပွဲမရှိဘူးဗျ။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို သက်သက်မဲ့လာဖျက်ဆီးသွားတာ။ ရွာစာသင်ကျောင်းကို အရင်ပစ်တယ်။ ပြီးမှဗုံးကြဲတာ။ စာသင်ကျောင်းမှာက လက်ယက်မရွာရဲ့ အနီးချုပ်စပ်ရွာတွေမှာ စစ်တပ်စစ်ကြောင်းထိုးလို့ပြေးလာတဲ့ စစ်ဘေးရှောင်တွေ နေနေကြတာပါ။ အခုညနေပိုင်းအထိတော့ ရွာခံတွေရော၊ စာသင်ကျောင်းမှာနေတဲ့ စစ်ဘေးရှောင်တွေထဲကရောဆိုရင် စုစုပေါင်း ၅ ယောက်ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေထဲက ဒီနေ့ညနေပိုင်းမှာ ၁ ယောက်ထပ်ဆုံးတယ်။ ၃ ယောက် ကလည်း စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်” လို့ DVB ကို ပြောပါတယ်။

လက်ယက်မကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေပစ်ခတ်မှုကြောင့် အသက် ၆၀ ၀န်းကျင် ဒေါ်ချိုချိုဝင်း၊ အသက် ၃၇ နှစ်အရွယ် ကိုသန့်ဇင်ထွန်း၊ အသက် ၃၅ နှစ်အရွယ် ကိုမျိုးထွန်းနဲ့ မြေးဖြစ်သူ အသက် ၆ နှစ်အရွယ် မဝေဇင်ဖြိုး အပါအဝင်မိသားစုဝင် ၄ ယောက်အပြင် လမ်းပေါ်မှာဆိုင်ကယ်စီးနေတဲ့ အသက် ၂၀ အရွယ် မရတီကျော်လည်း ဗုံးစထိမှန်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေထဲက အသက် ၆၀ အရွယ် ဒေါ်မြအေးလည်း ညနေပိုင်းမှာ ထပ်သေဆုံးသွားတဲ့အတွက် သေဆုံးသူ ၆ ယောက်အထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်နေတာတွေ ပိုမိုဆိုးရွားလာတဲ့အတွက်လည်း လေကြောင်းရန်သတိပေးနှိုးဆော်ချက်တွေကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဗုံးကြဲခံခဲ့ရတဲ့မြို့နယ်တွေမှာ ပျောက်ဆုံးနေသူတွေလည်းရှိတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒါထက်များနိုင်ပြီး စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်တွေက မင်းတပ်၊ နွားထိုးကြီးနဲ့ နောင်ချိုမြို့နယ်တို့ကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013