DVB Logo
Home
မြန်မာသတင်း
လက်ယက်မရွာကို စစ်တပ်က ဗုံးကြဲ၊ တနင်္သာရီနှင့်ဘုတ်ပြင်းတွင် လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံး
DVB
·
September 6, 2024
လက်ယက်မရွာကို စစ်တပ်က ဗုံးကြဲ၊ တနင်္သာရီနှင့်ဘုတ်ပြင်းတွင် လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို စစ်တပ်က စက်တင်ဘာ ၆ ရက်‌ နေ့လယ် ၁ နာရီလောက်မှာ လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ရွာမှာ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ကို အကြောင်းမဲ့ ပစ်ခတ်သွားတာ။ သူတို့ပစ်လို့ လူနေအိမ် ၂ လုံးထက်မနည်း ပျက်စီးတယ်။ ပြည်သူ ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဗျ” လို့ ပြောပါတယ်။

လက်ယက်မကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်သွားတာကြောင့် ဒေသခံပြည်သူတွေလည်း နေရပ်စွန့်ခွာနေကြရပါတယ်။

ဒေသခံ ပခုက္ကူခရိုင်တပ်ရင်း ၁၅ တာဝန်ရှိသူ ခလေးက “ပစ်တဲ့ဗုံး အလုံးအရေအတွက်က ၆ လုံး ကြဲချသွားတယ်။ ကြဲချတဲ့နေရာတွေကတော့ လက်ယက်မ စာသင်ကျောင်းတဝိုက်ကို အကြောင်းအရာမရှိဘဲ ပစ်ခတ်သွားပါတယ်။ ရွာပေါ်ကို လေယာဉ်သုံးပတ် ပတ်ပြီးကို ပစ်သွားခဲ့တာ” လို့ ပြောပါတယ်။

တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်မှာ စက်တင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၂ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ည ၈ နာရီ မိနစ် ၂ဝ လောက်က တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို စစ်ကောင်စီက လက်နက်ကြီး ၅ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လယ်‌တောင်ယာရွာမှာ နေထိုင်တဲ့ အသက် ၄ဝ အရွယ် ဒေါ်ပိန်အား လက်နက်ကြီးကျည်စထိမှန်ခဲ့ကာ ဒဏ်ရာအပြင်း အထန်ရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“တိုက်ပွဲ ဖြစ်ပွားတာမျိုး မဟုတ်ဘဲ ဒီအတိုင်း ပစ်ခတ်တာပါ။ လက်နက်ကြီးက တဲဘေးမှာ လာကျပြီး ထိတာပါ။ တဲက လယ်ကွင်းဘေးမှာ ဆောက်ထားတာပါ။ တနင်္သာရီက ပစ်တာပါ။ မိုးရွာနေတော့ ဘယ်နှလုံးမြောက်မှာ ထိတယ်ဆိုတာတော့ အတိအကျမသိဘူး” လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန်တဲ့ ဒေါ်ပိန်အား မြိတ်မြို့ ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ပေမဲ့ စက်တင်ဘာ ၅ ရက်‌ ည ၈ နာရီဝန်းကျင်မှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ဆေးရုံတင်ပြီး နောက်တရက်မှာပဲ ဆုံးသွားတယ်။ တဲထဲမှာက သူ့မိသားစုဝင်တွေရှိတာပါ။ သူတယောက်ပဲ လက်နက်ကြီးစကွဲပြီး လာထိတာပါ” လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃ ရက် ၁၂ နာရီခွဲလောက်ကလည်း ဘုတ်ပြင်းမြို့နယ်၊ လေညာရွာ အခြေစိုက် ခမရ ၅၆ဝ တပ်ရင်းက ပစ်ခတ်တဲ့လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး ထိမှန်ခဲ့တယ်လို့ သိရပါသေးတယ်။

လက်နက်ကြီးထိမှန်တာကြောင့် အသက် ၁၇ နှစ်အရွယ် ဟိန်းမြတ်သူ(ခ)တိုကြီး အခင်း ဖြစ်နေရာမှာ သေဆုံးခဲ့ကာ အသက် ၂၉ နှစ်အရွယ် လှိုင်မိုးဦးနဲ့ အသက် ၂၄ နှစ်အရွယ် ဝင်းထွန်းတို့ကိုတော့ ပြည်ကြီးမဏ္ဍိုင်မြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဘုတ်ပြင်းဒေသခံတယောက်က ပြောပါတယ်။

“ခြံထဲမှာ အလုပ်လုပ်နေရင်းထိတာပါ။ သူတဦးပဲ သေဆုံးသွားတယ်။ နှစ်ယောက်ကတော့ အန္တရာယ်မရှိပါဘူး။”

ဒီမတိုင်ခင်က လေညာမဏ္ဍိုင်မြစ်ကူးတံတားပေါ်မှာရှိတဲ့ စစ်ကောင်စစ်ဆေးရေးဂိတ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုကို တော့ DVB အနေနဲ့ အတိအကျမသိရသေးပါဘူး။

အဆိုပါတိုက်ခိုက်မှုကို flying star force ပကဖ၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကော့သောင်းခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013