DVB Logo
Home
မြန်မာသတင်း
တရုတ်ဖိအားကိုထိန်းရန် အားလုံးပါဝင်သည့် ဆွေးနွေးရေးဆိုင်ရာဘုံသဘောတူညီချက်လိုအပ်
DVB
·
September 6, 2024
တရုတ်ဖိအားကိုထိန်းရန် အားလုံးပါဝင်သည့် ဆွေးနွေးရေးဆိုင်ရာဘုံသဘောတူညီချက်လိုအပ်
Donate to DVB

တရုတ်နိုင်ငံရဲ့ ဖိအားကိုထိန်းနိုင်ဖို့ တော်လှန်ရေးအစုအဖွဲ့တွေဘက်က အားလုံးပါဝင်တဲ့ ဆွေးနွေးရေးဆိုင်ရာ ဘုံသဘောတူညီချက်ရှိထားဖို့လိုအပ်နေပြီလို့ အမေရိကန်ရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ မြင်သာတဲ့ ဖိအားပေးမှုတွေကြောင့် တော်လှန်ရေးအစုအဖွဲ့တွေဟာ မူလလုပ်ငန်းရှေ့ဆက်ဆောင်ရွက်ရေးမှာ အကျပ်အတည်းတွေ ကြုံတွေ့နေရတာပါ။

ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အစုအဖွဲ့တွေဟာ တရုတ်အစိုးရအလိုကျ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်နေရပြီး တိုက်ပွဲဖော်ဆောင်ရေးမှာ နှောင့်နှေးမှုတွေလည်း ရှိခဲ့ပါတယ်။

တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ဖြစ်စေ၊ စစ်ကောင်စီနဲ့ဖြစ်စေ ဆွေးနွေးမှုတွေလုပ်ဖို့ရှိ လာခဲ့မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က အားလုံးပါဝင်တဲ့ဆွေးနွေးရေးဆိုင်ရာ ဘုံသဘောတူညီချက်တခု ပြင်ဆင်ထားဖို့လိုအပ်နေပြီလို့ အမေရိကန်ရောက်မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဒေသစံတော်ချိန် စက်တင်ဘာ ၅ ရက်က အမေရိကန်ပြည်ထောင်စု မြိုတော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပြောဆိုပါတယ်။

Anti Dictatorship in Burma - DC Metro Area အဖွဲ့မှ ကိုရင်အေးက "ကျနော်တို့စဉ်းစားထားချက်က bilateral သွားလို့မရတော့ဘူး။ စစ်ကောင်စီနဲ့ပဲ ၂ ဖွဲ့တည်း ရှင်းလို့မရတော့ဘူး။ တကယ်တမ်းရှင်းရမှာက ကျမတို့ multilateral ရှင်းရမှာ။ ကျမတို့ အားလုံးက ဒီအပေါ်မှာ စကားပြောဖို့လိုလာခဲ့ပြီဆိုလို့ရှိရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ တူညီတဲ့ပေါ်လစီကို ကျနော်တို့ချပြီးတော့ ကျနော်တို့အားလုံးရဲ့သွေးစည်းညီညွတ်မှုကိုပြဖို့လိုတယ်။ NUG ကဦးဆောင်ပြီး နှစ်ဆန်းတုန်းက K3C နဲ့ Dialogue ပေါ်လစီထုတ်ပြန်ခဲ့တယ်။ ဒါတွေက အရမ်းကောင်းတယ်။ K3C တောင်မှ ကချင်က နောက်ကရှိုနေရတယ်။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်က ဖိအားပေးထားလို့။ အလားတူပဲ ညီနောင် ၃ ဖွဲ့နဲ့လည်း PDF တွေနဲ့ အကုန်လုံးဆက်ဆံရေးအရမ်းကောင်းတယ်။ ဒါပေမဲ့ အဲ့ဒါနောက်ကွယ်မှာပဲကောင်းလို့ရတယ်။ ရှေ့ကိုပေါ်တင်ထွက်ပြီး မီဒီယာမှာ စစ်ရေးစီမံချက်တွေချပြီး အတူတကွလုပ်နေကြပြီဆိုတာ ပြောလို့မရဘူးဖြစ်နေတယ်။ ဒါတရုတ်ကြောင့်။ အဲ့ဒါကိုကျော်ဖြတ်ဖို့ဆိုတာကျနော်တို့ဘက်က အားလုံးပါဝင်တဲ့သဘောတူညီချက်တရပ်ကို ထားကိုထားရမယ်။ ကျနော်တို့အားလုံးက Dialogue လုပ်တော့မယ်ဆိုရင် ဒီပေါ်လစီနဲ့ပဲလုပ်မယ်ဆိုပြီးတော့ ညီညွတ်မှုကိုပြထားမယ်ဆိုရင် တရုတ်က ဖိအားပေးလို့မရတော့ဘူး။ အခုဆိုရင် TNLA ဖိအားပေးခံနေရတယ်။ သူတို့ဖိအားကလွတ်ဖို့ဆိုရင် ကျနော်တို့က multilateral ရပ်တည်ရမယ်၊ အဖြေရှာမယ်ဆိုရင် ဒီလိုအချက်အလက်တွေရမှ ပြောမယ်ဆိုတဲ့ တူညီတဲ့ဘုံသဘောတူညီချက်ချထားပြီးတော့ ကျနော်တို့ရဲ့ညီညွတ်မှုကို ပြဖို့လိုလိမ့်မယ်။"

တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ ကြားဝင်စေ့စပ်ပြီး တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဆွေးနွေးပွဲစီစဉ်ပေးခဲ့တာကြောင့် ယာယီအပစ်ရပ်စဲတဲ့ ဟိုင်ဂင်သဘောတူညီချက်ထွက်ပေါ်ခဲ့သလို အခု ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာလည်း တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ထိုးစစ်အားကောင်းလာချိန်မှာ တိုက်ပွဲအရှိန်တန့်အောင် တရုတ်အစိုးရက ဖိအားပေးတဲ့အခြေအနေတချို့ရှိလာခဲ့တာပါ။

တရုတ်အစိုးရရဲ့အစီအမံအတိုင်း တော်လှန်ရေးအစုအဖွဲ့တွေကိုခွဲခြမ်းပြီးဆွေးနွေးနေရင် တော်လှန်ရေးအရှိန်ကျစေနိုင်သလို အချင်းချင်းအကြားမှာသွေးကွဲတာတွေဖြစ်လာနိုင်တာကြောင့် တော်လှန်ရေးအစုအဖွဲ့တွေအားလုံးပါဝင်တဲ့ ဆွေးနွေးရေးဆိုင်ရာ ဘုံသဘောတူညီချက်တခုရှိဖို့လို အပ်လာတာ ဖြစ်ပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်ထွေးက "ပြည်သူတွေ ဒီလောက်အတိဒုက္ခရောက်နေတာ မကူညီတဲ့အပြင် ပိုင်စိုးပိုင်နင်းတွေပေါ့ဗျာ။ ကျနော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း သူတို့က အမိန့်တွေပေးတယ်။ ခြိမ်းခြောက်တဲ့ ဟာမျိုးတွေ ကြားနေရတဲ့အခါ ကျနော်တို့ပြည်သူတွေထဲက မြန်မာပြည်သူတယောက်အနေနဲ့ ကျနော်တို့ဆန္ဒတွေကို တရုတ်သံရုံးရှေ့မှာလောက်ရောက် ဖော်ထုတ်ရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကြည်းတပ်နဲ့ လေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်-မြန်မာနယ်စပ်နေရာ ၄ ခုမှာ ပြုလုပ်ခဲ့ပါတယ်။

ဩဂုတ် ၂၉ ရက်မှာပဲ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ မြန်မာပြည်တွင်း စစ်ဆင်ရေးတွေကို ရပ်ဆိုင်းဖို့တိုက်တွန်းချက်ထားတဲ့ ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက ထုတ်ပြန်တဲ့စာထွက် ပေါ်ခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ရွေးကောက်ပွဲပြန်ကျင်းပနိုင်ဖို့တွန်းအားပေးနေတာ စသဖြင့် တရုတ်အစိုးရက မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင်ဖိအားပေးတဲ့ ပုံစံတွေပြသလာခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013