DVB Logo
Home
မြန်မာသတင်း
ချင်းအင်အားစုများ အာရက္ခတပ်တော်နှင့် မိတ်ဆွေဖွဲ့ရန်  မီဇိုရမ်ဝန်ကြီးချုပ်တိုက်တွန်း
DVB
·
September 6, 2024
ချင်းအင်အားစုများ အာရက္ခတပ်တော်နှင့် မိတ်ဆွေဖွဲ့ရန်  မီဇိုရမ်ဝန်ကြီးချုပ်တိုက်တွန်း
Donate to DVB

ချင်းတော်လှန်ရေးအင်အားစုတွေအနေနဲ့ အာရက္ခတပ်တော် (AA) နဲ့ မိတ်ဆွေဖွဲ့သင့်တယ်လို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက တိုက်တွန်းလိုက်ပါတယ်။

အင်အားကြီးထွားလာနေတဲ့ အာရက္ခတပ်တော်နဲ့ စစ်မက်ဖြစ်ပွားနေမဲ့အစား ချင်းတော်လှန်ရေး အင်အားစုတွေကို  မိတ်ဆွေဖွဲ့ဖို့  မီဇိုရမ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အင်ဒီနီးယာပြည်နယ် Chin Evangelical Baptist Church မှာ စက်တင်ဘာ ၄ ရက်က ချင်းလူထုတွေ့စုံပွဲမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။

"အာရက္ခတပ်တော် (AA) နဲ့ ကျနော်တို့ ပြဿနာဖြစ်နေလို့မရဘူး။ သူတို့က အင်အား ပိုကောင်းတယ်။ သူတို့က အင်အားကြီးတယ်။ အဲဒါကြောင့် စစ်မက်ဖြစ်နေမဲ့အစား ချစ်ကြည်ရင်းနှီးရမယ့်သူငယ်ချင်းအဖြစ်မိတ်ဆွေဖွဲ့ရမယ်။ CNF ဖြစ်ဖြစ်၊ Chin Brotherhood ဖြစ်ဖြစ်၊ Chinland Council ဖြစ်ဖြစ်၊ ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ် AA နဲ့ဖြစ်စေ ၊ PDF တွေဖြစ်စေ ငါတို့တော်လှန်တိုက်ခိုက်နေတဲ့အရာက အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ငါတို့ အချင်းချင်းကြားပြဿနာ ဖြစ်နေရင် စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာဖြစ်မှာပေါ့။ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ်ချင်း မိတ်ဆွေအဖြစ်ဖွဲ့ရမယ်။ အဲဒီလို မဟုတ်ရင် လောင်တလိုင်ထိကိုလာပြီး အနှောင့်အယှက်ပေးနိုင်တယ်။”

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံတည်ဆောက်နေတဲ့ ကုလားတန်စီမံကိန်းကိုလည်း မီဇိုရမ်ပြည်နယ် အစိုးရအနေနဲ့ ထောက်ခံပြီး လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းကိုလည်း သူတို့အနေနဲ့ ထောက်ပံ့ပေးထားတယ်လို့ ပြောသွားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အခုလို သင့်မြတ်ရေးကို ပြောကြားမှုနဲ့ပတ်သက်ပြီး ရခိုင် နိုင်ငံရေးအကဲခတ် တဦးက "အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ကိုယ်တိုင် ဒီလို ပြောကြားလိုက်တာက ခေါင်းဆောင်တဦးရဲ့ အမြော်အမြင်ရှိမှုကို ထင်ထင်ရှားရှား မြင်ရတာ ဖြစ်တယ်။ ရခိုင်နဲ့ချင်း သင့်မြတ်ခြင်းက လူမျိုးနှစ်မျိုးအတွက် အကျိုးရှိစေသလို အိန္ဒိယနဲ့ ရခိုင်အတွက်လည်း ဆက်ဆံရေးကို တိုးတက်လာစေနိုင်တယ်။ မီဇိုရမ်အစိုးရအနေနဲ့လည်း ရခိုင်နဲ့ ဆက်ဆံရေးကို ဒီထက်မက ကောင်းမွန်အောင် တိုးမြင့်သင့်တယ်" လို့ ပြောပါတယ်။

ကုလားတန်- မီဇိုရမ်စီမံကိန်းကို အိန္ဒိယအစိုးရက  ၂၀၀၈ ခုနှစ်ကစပြီး အမေရိကန် ဒေါ်လာ သန်း ၃၄၀ ကျော်မတည်ပြီး တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကုလားတန်စီမံမှာ ပါဝင်နေတဲ့ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ တမြို့တည်းကိုသာ  စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

အဲဒီကုလားတန် စီမံကိန်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း လောင်တလိုင်ခရိုင်ရဲ့ အထက်လွှတ်တော်အမတ်နဲ့ AA တာဝန်ရှိသူတွေ အကြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013