
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က တရုတ်ကောင်စစ်ဝန်ချုပ်ဟာ ရာထူးတာဝန် ပြီးဆုံးပြီးတဲ့နောက် စီစဉ်ထားတဲ့အတိုင်း ရာထူးကနေ နုတ်ထွက်သွားတာသာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
တရုတ်ကောင်စစ်ဝန်ချုပ်ရဲ့ လက်ထောက်တယောက်ကို တရုတ်သူလျှိုအဖြစ် လျှို့ဝှက် လုပ်ဆောင်မှုအတွက် စွဲချက်တင်ပြီးတဲ့နောက် သူ့ကို နိုင်ငံကနေ နှင်ထုတ်ဖို့ နယူးယောက်မြို့ အုပ်ချုပ်ရေးမှူး ကေသီဟိုချူးက တောင်းဆိုခဲ့ပါတယ်။
သူ့တောင်းဆိုချက်ကို ကြေညာပြီးတဲ့နောက် ကောင်စစ်ဝန်ချုပ် နုတ်ထွက်မှု ပေါ်ပေါက်ခဲ့တာပါ။
ဒါပေမဲ့ တရုတ်ကောင်စစ်ဝန်ချုပ် ဟူအန်းဖင် ရာထူးကနေ ထွက်သွားတာဟာ အမေရိကန် အစိုးရက နှင်ထုတ်လို့ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မေလာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ကောင်စစ်ဝန်ချုပ်ဟာ သူ့တာဝန်ချိန် ပုံမှန်အချိန်ဇယားက ဩဂုတ်လမှာ ပြီးဆုံးတာဖြစ်ပြီး နှင်ထုတ်ခံရတာ မဟုတ်ပါဘူးလို့ မေလာက ပြောပါတယ်။
နိုင်ငံခြားဆိုင်ရာ လုပ်ငန်းတာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းတွေရဲ့ အနေအထားနဲ့ ပတ်သက်လာရင် နိုင်ငံခြားတိုင်းပြည်ကို အကြောင်းကြားဖို့ ညွှန်းဆိုထားပေမဲ့ နှင်ထုတ်ခြင်း မရှိပါဘူးလို့လည်း မေလာက ရှင်းပြခဲ့ပါတယ်။
Source-Reuters











