DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ထပ်တိုက်ပါက ပင်လယ်ကွေ့နိုင်ငံများကို ပစ်မည်ဟု အီရန် ခြိမ်းခြောက်
DVB
·
August 6, 2026
Photo: Majid Asgaripour/WANA (West Asia News Agency) via REUTERS
Photo: Majid Asgaripour/WANA (West Asia News Agency) via REUTERS
Donate to DVB

အမေရိကန်က အီရန်ကို ထပ်မံတိုက်ခိုက်လာရင် ပင်လယ်ကွေ့ဒေသက အရေးပါတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးထားကြောင်း သတင်းရင်းမြစ် ၅ ခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ရဲ့ စွမ်းအင်ကွန်ရက်နဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ်လို့ ဇူလိုင် ၂၈ ရက်မှာ ခြိမ်းခြောက်ပြီးနောက် အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အာရက်ချီဟာ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီးတွေအပြင် ပါကစ္စတန်စစ်တပ် အကြီးအကဲနဲ့ပါ ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။

အာရက်ချီက အမေရိကန်ရဲ့ ပင်လယ်ကွေ့ မဟာမိတ်တွေကတဆင့် ထရမ့်ပ်ကို စစ်ရေးတိုက်ခိုက်မှု မလုပ်ဖို့ ဖိအားပေးစေလိုတာ ဖြစ်ပါတယ်။

အီရန်ကို တိုက်ခိုက်ရင် အမေရိကန်ပိုင်ဆိုင်မှုတွေအပြင် ရေနံချက်စက်ရုံ၊ လျှပ်စစ်ကွန်ရက်၊ ရေပေးဝေရေးစနစ်နဲ့ ရေနံတွင်းတွေကိုပါ ပစ်မှတ်ထားမယ်လို့ အီရန်ဘက်က သတိပေးထားပါတယ်။

ဒါကြောင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် ကလည်း စစ်ရေးတိုက်ခိုက်မှုကို ရွှေ့ဆိုင်းပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ထရမ့်ပ်ကို တိုက်တွန်းခဲ့ပါတယ်။

ကာတာ၊ အိုမန်နဲ့ ဆော်ဒီအာရေဗျတို့ကလည်း ဒေသတခုလုံးကို စစ်မီးကူးစက်လာနိုင်တာကြောင့် အမေရိကန်ကို အီရန်နဲ့ ဆွေးနွေးဖို့ တိုက်တွန်းနေကြပါတယ်။

ဒါပေမဲ့ ဆော်ဒီအာရေဗျကတော့ သူ့ပိုင်နက် တိုက်ခိုက်ခံရရင် စစ်ရေးနည်းလမ်းနဲ့ ပြန်လည်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

ထရမ့်ပ်ကတော့ အီရန်နဲ့ အမြန်ဆုံး သဘောတူညီချက်ရနိုင်တဲ့ အခြေအနေရှိလို့ တိုက်ခိုက်မဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဩဂုတ် ၂ ရက်မှာ ပြောပါတယ်။

အီရန်က ပင်လယ်ကွေ့ဒေသရဲ့ စွမ်းအင်ပို့ကုန်နဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက် ထိခိုက်နိုင်ခြေကို အသုံးချပြီး အမေရိကန်ကို စစ်ရေးထက် သံတမန်ရေးလမ်းကြောင်း ရွေးချယ်ဖို့ ဖိအားပေးနေတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013