DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုများရပ်တန့်ရေး စစ်ကောင်စီ ကို ဖိအားပေးရန် NUG တိုက်တွန်း 
DVB
·
September 3, 2024
အကြမ်းဖက်မှုများရပ်တန့်ရေး စစ်ကောင်စီ ကို ဖိအားပေးရန် NUG တိုက်တွန်း 
Donate to DVB

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုဘက်ကို ရပ်တည်ပြီးတော့ စစ်ကောင်စီကို အကြမ်းဖက်မှုတွေ ရပ်စဲဖို့အတွက် ဖိအားပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က DVB ကိုပြောပါတယ်။ 

မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်နေချိန်  ဩဂုတ် ၂၉ ရက်က  မြန်မာပြည်တွင်း စစ်ဆင်ရေးတွေကို ရပ်ဆိုင်းဖို့   တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ထံကို တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီက ခြိမ်းခြောက်စာပေးပို့ထားတာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ဘန်ဒေါင်းကြေညာချက်ကတည်းက တဦးပြည်တွင်းရေးကို တဦး ဝင်မစွက်ဖက်ဘူးဆိုတဲ့ သဘောတူညီချက် ရှိတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်း အဲဒါကို အလေးထားပြီး ပြောသွားတာကို တွေ့ရပါလိမ့်မယ်။ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာကိုလည်း တရုတ်နိုင်ငံက ခွင့်မပြုဘူး ဆိုတာလည်း ပြောထားတယ်ပေါ့။ တခုရှိတာက ရွှေလီအာဏာပိုင်လား၊ အတုလား အစစ်လား မသိတဲ့ စာထုတ်တဲ့ဟာက တရုတ်အစိုးရရဲ့ တရားဝင်မူဝါဒနဲ့ ကိုက်ညီခြင်းမရှိဘူးဆိုတာ ထောက်ပြပြီး ပြောကြားချင်ပါတယ်။ ကျနော်တို့ အရှေ့လည်းမယိမ်းဘူး၊ အနောက်လည်းမယိမ်းဘူး၊ ကျနော်တို့မူဝါဒက ဘက်မလိုက်ဘဲနဲ့ တက်ကြွပြီး လွတ်လပ်တဲ့မူဝါဒ ကျင့်သုံးမယ်လို့လည်း NUG အစိုးရက ကြေညာထားပြီးသား ဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာပြည်သူလူထုဘက်ကို ရပ်တည်ပြီးတော့ စစ်ကောင်စီကို အကြမ်းဖက်မှုတွေ ရပ်စဲဖို့အတွက်ကို ဖိအားပေးဖို့ လိုအပ်တယ် ဆိုတာကို ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို အသုံးချပြီး စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေနဲ့ တရုတ်အစိုးရအကြားမှာ ဆက်ဆံရေး တည်ဆောက်မရအောင် ပြုလုပ်နေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်းတပ်နဲ့ လေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်အထိ တရုတ်-မြန်မာနယ်စပ် နေရာ ၄ ခုမှာ ပြုလုပ်ခဲ့တာပါ။ 

၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ နေရာတွေကတော့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၊ ကျန့်ခန်းခရိုင်နဲ့ ကိန်းမာ တိုင်လူမျိုးနဲ့ ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တို့အနီးက နေရာ ၄ ခု ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေရဲ့ ကင်းထောက်နဲ့ ကြိုတင်သတိပေးမှု၊ ထောင့်ပေါင်းစုံ ပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပစ်ခတ်မှုစွမ်းရည်တို့ကို စစ်ဆေးဖို့နဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆိုထားပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “တရုတ်က စစ်ရေးလေ့ကျင့်တာ အခုမှမဟုတ်ဘူးဗျ။ ၂၀၁၅ ကတည်းက စလေ့ကျင့်တာ၊ နှစ်တိုင်းလေ့ကျင့်တယ် ၁ အချက်၊ ၂ အချက်က ဒီဘက်က ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ရင် နှစ်တိုင်းတောင်မဟုတ်ဘူး၊ ၃-၄ လ တခါလောက် ကျင့်တယ်။ ၂၀၁၅ မှာ ကိုးကန့်နဲ့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်တဲ့အခါမှာ ဗမာစစ်တပ်က လေယာဉ်တွေ ဗုံးကြဲတော့ တရုတ်ပြည်ထဲကိုကျတယ်၊ တရုတ်ပြည်က လယ်သမား ၂ ယောက်လား ၃ ယောက်လား သေတယ်။ အဲဒီမှာ သူတို့ပြည်သူတွေက တော်တော်ဒေါသဖြစ်တယ်။ အဲဒီကတည်းက တရုတ်အစိုးရက ရာဇသံပေးပြီးသား၊ ခင်ဗျားတို့ဘက်မှာ ခင်ဗျားတို့ဖြစ်တာဖြစ်၊ ကျနော်တို့နိုင်ငံထဲကို ဒုက္ခသည်လည်း အဝင်မခံဘူး၊ လုံးဝပိတ်ပစ်တယ်၊ လက်နက်တို့ ဘာတို့လည်း လုံးဝမကျရဘူး။ ကျလို့ရှိရင် ဘယ်သူ့ကြောင့်ပဲကျကျ သူတို့ သည်းညည်းမခံဘူးလို့ ပြောထားပြီးသား။ ၂၀၁၅ တုန်းကဆို ဒိထက်တောင် ပြင်းထန်သေးတယ်။ သံချပ်ကာကားကြီးတွေပါ ယူလာပြီး နယ်စပ်မှာ ချတယ်။ မြန်မာပြည်က မီဒီယာတွေက တမင်ဖွနေတယ်ထင်တယ်၊ တရုတ်ဆန့်ကျင်ရေးကို၊ တရုတ်ဆန့်ကျင်ရေးကို တမင်လုပ်နေတာ စစ်ကောင်စီက လုပ်နေတာဗျ။ အဲဒါ ကျမတို့က ရောယောင်ပြီး ပါမသွားဖို့လိုတယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ရှမ်းပြည်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ တရုတ်အစိုးရရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ သွက်လက်လာခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည်ကိုလာရောက်ပြီး နှစ်ပတ်ဝန်းကျင်အကြာမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တရုတ်-မြန်မာနယ်စပ်မှာ စစ်ရေးလေ့ကျင့်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၃ နိုဝင်ဘာလမှာ တကြိမ်၊ ၂၀၂၄ ဧပြီလမှာ ၂ ကြိမ်နဲ့ အခုနောက်ဆုံး ဩဂုတ်လကုန်ပိုင်းမှာ တကြိမ် ပြုလုပ်ခဲ့တာပါ။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်ဆင်ကာလတွေနဲ့ တိုက်ဆိုင်နေပြီး တရုတ်-မြန်မာနယ်စပ်မှာ လူသေဆုံးမှုတွေနဲ့ လုံခြုံရေးပြဿနာတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013