DVB Logo
Home
မြန်မာသတင်း
စစ်တွေ၊ ဗျိုင်းဖြူရွာသား ၁၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုဖြင့် ထောင် ၃ နှစ်စီ ချ
DVB
·
August 31, 2024
စစ်တွေ၊ ဗျိုင်းဖြူရွာသား ၁၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုဖြင့် ထောင် ၃ နှစ်စီ ချ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဖမ်းဆီးတရားစွဲခံထားရတဲ့ ဗျိုင်းဖြူကျေးရွာသား ၁၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။

သြဂုတ် ၃၀ ရက်နေ့က စစ်တွေအကျဉ်းထောင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တာလို့ အခြေအနေကိုသိရှိသူ တယောက်က ပြောပါတယ်။

“ရုံးထုတ် စစ်ဆေးတာကတော့ လူဦးရေ ၁၅၀ ကျော်ကိုစစ်ဆေးတာလို့ သိရတယ်။ အဲဒီမှာ လူ ၁၄၂ ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာဖြစ်တယ်။ ကျန်တဲ့သူတွေတချို့ကိုလည်း နောက်ထပ်ရုံးချိန်းလိုက်သလို ၄ ဦးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ မိသားစုတွေကို ရုံးချိန်း အသိပေးတာမျိုးမရှိဘဲ ထောင်ချလိုက်တာလို့ သိရတယ်” လို့ပြောပါတယ်။

မေ ၂၈ ရက်နေ့မှာ စစ်ကောင်စီက ဗျိုင်းဖြူကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းပြီး ကျေးရွာသား ၈၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ကျေးရွာသား ၃၀၀ နီးပါးကို ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အပြစ်မဲ့အရပ်သားတွေကို စွပ်စွဲပြီးထောင်ဒဏ်ချမှတ်လိုက်တာဟာ ရခိုင်ပြည်သူတွေကို တမင်ရည်ရွယ် ဖိနှိပ်တာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။

“မနေ့က ဗျိုင်းဖြူကျေးရွာသား ၁၄၀ ကျော်ကို ထောင်ဒဏ်ချမှတ်တာဟာ သာမန်အပြစ်မဲ့ အရပ်သားတွေကို မတရားစွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်ချမှတ်တာဖြစ်တယ်။ ဒီဟာက ရခိုင်ပြည်သူတွေကို စစ်ကောင်စီက အကြောက်တရားသွင်းပြီးတော့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်လာတာလို့ ကျနော်ကမြင်တယ်” လို့ပြောပါတယ်။

စစ်တွေမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ၇၀၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ငွေညှစ်နေသလို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှတ်တာတွေလည်းရှိပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်က ရခိုင်လူမျိုးတွေနေထိုင်တဲ့ ကျေးရွာပေါင်း ၂၀ ကျော်ကို စစ်ကောင်စီက နှင်ထုတ်ပြီး ခံစစ်ပြင်ဆင်နေသလို မြို့တွင်းမှာလည်း အရပ်သားတွေကို နေ့စဉ် ဖမ်းဆီးနေပြီး ဩဂုတ် ၂၉ ရက်နေ့က စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013