DVB Logo
Home
နိုင်ငံတကာ
ထိုင်းအစိုးရအဖွဲ့သစ်တွင် ဖလန်းပချားရတ်ပါတီကိုထည့်သွင်းမည်မဟုတ် ဖွေ့ထိုင်းပါတီပြော   
DVB
·
August 30, 2024
ထိုင်းအစိုးရအဖွဲ့သစ်တွင် ဖလန်းပချားရတ်ပါတီကိုထည့်သွင်းမည်မဟုတ် ဖွေ့ထိုင်းပါတီပြော   
Donate to DVB

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးငယ် ဖဲထောင်းထန်း ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်လာတဲ့နောက် သူ့ရဲ့အစိုးရဝန်ကြီးများအဖွဲ့ထဲမှာ အရင်က အာဏာသိမ်းခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ပရဝစ်ဝုန်းဆုဝမ် (ခ) ဘိက်ပေါင့် ထူထောင်ထားတဲ့ ဖလန်းပချားရတ်ပါတီကို ထည့်သွင်းတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၂၇ က ကျင်းပသွားတဲ့ ဖွေ့ထိုင်းပါတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့  ဖွေ့ထိုင်းပါတီအတွင်းရေးမှူး နိုင်းဆာလဝုန်း  ထင်းထောင်းန်က  ပြောပါတယ်။ 

“ဖလန်းပချားရတ်ပါတီနဲ့ပတ်သက်လို့ ဖွေ့ထိုင်းပါတီဝင်တွေထဲမှာ စိတ်မသက်သာစရာတွေ ရှိနေ တယ်။ ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီးက ကျနော်တို့ပါတီ ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ မဲလာမထည့်ဘူး။  ၂ ကြိမ်စလုံးပါပဲ။ ဝန်ကြီးချုပ်ဆေထာတုန်းကလည်း မလာဘူး။ ဝန်ကြီးချုပ်ဖဲ ထောင်းထန်းတုန်းကလည်းမလာဘူး။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို အလေးမထားဘူး။ ပြီးတော့ ဆက်ဆံရေးကျဲနေတယ်ပေါ့။ ဒါကြောင့် သူတို့ပါတီနဲ့တော့ ပူးပေါင်းလို့မဖြစ်ဘူးလို့  ပြောကြတယ်။ သူတို့မပါရင် ဘယ်ပါတီတွေ ဖိတ်ခေါ်မလဲဆိုတာတော့ နောက်တော့လာမှာပေါ့။”

ဩဂုတ် ၂၈ ရက် ညနေပိုင်းမှာတော့ ဖွေ့ထိုင်းပါတီအတွင်းရေးမှူး နိုင်းဆာလဝုန်းကပဲ ဦးဆောင်ပြီး အဖွဲ့သားတွေနဲ့အတူ  ဒီမိုကရက်ပါတီထံရောက်ရှိလာကာ အစိုးရအဖွဲ့ထဲပူးပေါင်းပါဝင်ဖို့  တရားဝင် ကမ်းလှမ်းစာပေးပို့ခဲ့ပါတယ်။

ဖွေ့ထိုင်းနဲ့ ဒီမိုကရက်တို့ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ကြပေမဲ့ ဒီကနေ့ခေတ်မှာ မျိုးဆက်သစ်တွေ နေရာယူလာပြီ၊ အတိတ်ကိုပြန်မသွားဘဲ နိုင်ငံနဲ့ ပြည်သူအကျိုးကို ရှေးရှုဖို့ပဲဖြစ်တယ်။ ဒီမိုကရက်ပါတီဘက်မှာလည်း အရည်အချင်းရှိသူ တွေရှိတယ်။ အတူပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့  နိုင်းဆာလဝုန်းက ပြောပါတယ်။

ဒီမိုကရက်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်းချလိုမ်ချိုင်း ဆီအွန်ကလည်း “ကျနော်တို့မှာ ပဋိပက္ခဆိုတာ မရှိတော့ပါဘူး။ ချစ်ကြည်မှု၊ နားလည်မှုနဲ့ ခွင့်လွှတ်ခြင်းတွေပဲရှိပါတယ်။ ဖွေ့ထိုင်းပါတီကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်ပါမယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ နေရာအတွက် သင့်လျော်တဲ့အမည်စာရင်းရွေးချယ်ပေးပို့ဖို့ပါ ” လို့ ပြောပါတယ်။ 

ဒီမိုကရက်ပါတီထူထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ချွန်းလိဖိုင်းကတော့ ဖွေ့ထိုင်းပါတီဟာ တောင်ပိုင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေတယ်ဆိုပြီး ဖွေ့ထိုင်းအစိုးရအဖွဲ့ထဲပါဝင်ဖို့ သဘောမတူဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီမိုကရက်ပါတီအမတ်တွေဟာ ဖွေ့ထိုင်းဝန်ကြီးချုပ်တင်မြှောက်ဖို့ မဲပေးစဉ်ကလည်း ညီညွတ်ခြင်းမရှိဘဲ တချို့ကထောက်ခံ တချို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဖွေ့ထိုင်း အစိုးရထဲ ပါရေး/မပါရေးကတော့ ပါတီဝင်အများစုရဲ့ သဘောဆန္ဒနဲ့ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့ထဲက အပယ်ခံရတဲ့ ဖလန်းပချားရတ်ပါတီ ဒုဥက္ကဋ္ဌ နိုင်းဖိုင်းဘွန်း နိသီတဝမ်းကတော့-  သူတို့အနေနဲ့ အတိုက်အခံပါတီဘက်ရောက်သွားပေမဲ့ ပြဿနာမရှိ၊ ဘယ်ဘက်ကပဲနေနေ ပြည်သူ့အကျိုးသယ်ပိုးဖို့သာ အဓိကဖြစ်တယ်၊ အတိုက်အခံပါတီအနေနဲ့ လုပ်ရတာ ပိုတောင် လွတ်လပ်သေးတယ်။ သူတို့အစား မစိုးရိမ်ပေးပါနဲ့၊ ဝန်ကြီးချုပ် ဖဲထောင်းထန်းကိုသာ စိုးရိမ်ပါ။ သူဟာ ပေးထားတဲ့ကတိမစောင့်ထိန်းဘူး၊ ရိုးသားမှုမရှိဘူး၊ ဥပဒေအရ အရေးယူလို့ရတယ်။ ဝန်ကြီးချုပ်ဆေထာ တာဝန်က ဖယ်ရှားခံရတဲ့နေ့က ညနေပိုင်းမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အိမ်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအားလုံးအစည်းအဝေးလုပ်တယ်။ နိုင်းချိုင်းကဆဲမ်ကို ဝန်ကြီးချုပ် ၃ လအရင်ခန့်ပြီးမှ ဖဲထောင်းထန်းကို ခန့်မယ်လို့ ပြောခဲ့ကြတယ်။ တကယ်တမ်းအဲလိုဖြစ်မလာဘူး။ ပြီးတော့ လက်ရှိဝန်ကြီးရာထူးရထားသူတွေကို အပြောင်းအလဲမရှိ နဂိုအတိုင်းဆက်ထားမယ်လို့လည်း ကတိပေးတယ်။ ဒါကြောင့် ကျနော်တို့ ပါတီအမတ် ၃၉ ယောက်လုံးဝန်ကြီးချုပ်ရွေးပွဲမှာ ထောက်ခံမဲပေးခဲ့တယ်။ ဥက္ကဋ္ဌကြီး ပရဝစ်တယောက်ပဲ တခြားအရေးကြီးကိစ္စရှိလို့ မလာနိုင်တာ။ ပြောထားတဲ့အတိုင်းမလုပ်တဲ့ ကတိမတည် ရိုးသားမှုမရှိတဲ့ ဝန်ကြီးချုပ်ကိုပဲ စိုးရိမ်ပေးပါလို့  ဩဂုတ် ၂၉ ပါတီအစည်းအဝေးအပြီး သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဖလန်းပချားရတ်ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရဝစ်ဝုန်းဆုဝမ်းမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် သက်ဆင်ရှင်နာဝပ်ဝန်ကြီးချုပ်လက်ထက်က စစ်တပ်အနေနဲ့ အာဏာသိမ်းခဲ့ပြီး ဆန္ဒပြ ရှပ်နီတွေကိုလည်း နှိပ်ကွပ်ဖို့ အမိန့်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီကလည်း ဝန်ကြီးချုပ် ယဉ်လတ်ရှင်နာဝပ်လက်ထက်မှာ အတိုက်အခံပါတီ ဖြစ်ခဲ့ပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့ပါတယ် ။ 

ဖွေ့ထိုင်း ( ရှပ်နီ ) နဲ့ ဒီမိုကရက် ( ရှပ်ဝါ ) တို့ကြား အကြီးအကျယ်ပဋိပက္ခဖြစ်ခဲ့ပြီး ဘန်ကောက်မြို့လည်ခေါင်မှာ မီးရှို့မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ 

Source: Naewna / ThaiPBS / Thairath 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013