
ဗြိတိန်ရော့တီးဝိုင်း အိုအေစစ်က ၁၅ နှစ်ကြာပြီးနောက် တီးဝိုင်းကို ပြန်လည်ဖွဲ့စည်းမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
နိုးလ်နဲ့ လီယမ်ဂယ်လဂါတို့ ညီအစ်ကို ၂ ဦးဟာ ၂၀၂၅ ခုနှစ်မှာ live show တွေ စီစဉ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
အိုအေစစ်တီးဝိုင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ပထမဆုံး စီးရီးဖြစ်တဲ့ Definitely Maybe ထွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အဖွဲ့ကွဲခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်က အဖွဲ့ရဲ့ ပင်တိုင် သီချင်းရေးသူ လိဒ်ဂစ်တာသမား နိုးလ်ကလီယမ်နဲ့ အလုပ်တွဲလုပ်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အိုအေစစ်အဖွဲ့ရဲ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို ဩဂုတ် ၃၁ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာ X မှာ ကြေညာထားပါတယ်။
အိုအေစစ်အဖွဲ့ရဲ့ ပထမဆုံး ပြန်ဖျော်ဖြေမယ့် ရှိုးပွဲကို လာမယ့်နှစ် ဇူလိုင် ၄ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲတွေကို ကာဒစ်၊ မန်ချက်စတာ၊ လန်ဒန်၊ အီဒင်ဘတ်နဲ့ ဒပ်ဘလင်တို့မှာ ရှိုးပွဲ ၁၄ ခု ပြုလုပ်မှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ ပြုလုပ်မယ့်တိုးပွဲဟာ အိုအေစစ်အဖွဲ့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ (What's the Story) Morning Glory? တိုးပြုလုပ်ခဲ့တဲ့ နှစ် ၃၀ မြောက်နှစ်လည်း ဖြစ်ပါတယ်။
အဲဒီအယ်လ်ဘမ်မှာ "Don't Look Back in Anger" နဲ့ "Wonderwall"တို့လို နာမည်ကြီး သီချင်းတွေ ပါဝင်ပါတယ်။
အိုအေစစ်အဖွဲ့ကို ၁၉၉၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ပထမဆုံး အခွေကို ထုတ်ခဲ့တာဖြစ်ပါတယ်။
Definitely Maybe အယ်လ်ဘမ်ဟာ အဲဒီအချိန်က ဗြိတိန်သမိုင်းတလျှောက် အမြန်ဆုံးရောင်းချရတဲ့ အယ်လ်ဘမ် ဖြစ်လာပါတယ်။
သူတို့အဖွဲ့ရဲ့ ဒုတိယမြောက် အယ်ဘမ် Morning Glory ဟာ ဗြိတိန်ရဲ့ လူ ကြိုက်အများဆုံးစာရင်းမှာ ၁၀ ပတ်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။
အဲဒီအယ်လ်ဘမ်ဟာ နိုင်ငံတကာမှာလည်း အချိန်တိုင်းအတွက် ရောင်အားအကောင်းဆုံးအယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ အိုအေစစ်အဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ အယ်ဘမ် ၇ ခု ထုတ်ဝေခဲ့ပါတယ်။
Source-Reuters











