DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ စာအုပ်များဖြင့်ဝယ်ယူခွင့် ယခုလကုန်တွင် အကောင်အထည်ဖော်မည် 
DVB
·
August 29, 2024
စားအုန်းဆီ စာအုပ်များဖြင့်ဝယ်ယူခွင့် ယခုလကုန်တွင် အကောင်အထည်ဖော်မည် 
Donate to DVB

ရန်ကုန်မှာ စားအုန်းဆီကို စစ်ကောင်စီရဲ့ ရည်ညွှန်းဈေးအတိုင်း ဝယ်ယူခွင့်ရမယ့်စနစ်ကို စက်တင်ဘာလ ပထမအပတ်မှာ စတင်အကောင်အထည်ဖော်တော့မယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဇူလိုင်လကုန်က ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ သမဝါယမစနစ်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုပြီးတဲ့နောက် ရန်ကုန်မြို့မှာ စားအုန်းဆီ ဝယ်ယူခွင့်ကို ယခင်သမဝါယမစနစ်အတိုင်း စာအုပ်တွေနဲ့ ဝယ်ယူဖို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေက အိမ်ထောင်စုစာရင်းတွေ ကောက်ယူနေပါတယ်။ 

ဆီဝယ်ခွင့် စာအုပ်တွေ ပြုလုပ်ပြီး စက်တင်ဘာလ ပထမအပတ်လောက်မှာ အဲဒီစာအုပ်တွေနဲ့ ဝယ်ယူနိုင်ဖို့ စတင်လုပ်ဆောင်တော့မယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ဒီလကုန် စာအုပ်ထုတ်ပေးမယ် ပြောတယ်။ အခုထိတော့ ရည်ညွှန်းဈေးအတိုင်း ရောင်းတဲ့ နေရာတွေမှာ တန်းစီနေရတုန်းပဲ။ အိမ်ထောင်စုစာရင်းမှာပါတဲ့ လူဦးရေအတိုင်း ဆီခွဲတမ်း ရမယ်တဲ့။ ပေးမယ့်စာအုပ်မှာ စာအုပ်ကို ပေါင်နှံတာ မလုပ်ရဘူးဆိုတာတွေ ထည့်ထားတယ်။ တအိမ်ထောင်စုကို တပတ် တကြိမ် ထုတ်ပေးမယ်လည်း ကြားတယ်” လို့ သဃ်န်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အခုအခါ ရန်ကုန်က မြို့နယ်တချို့မှာ ဆီထုတ်ယူရမယ့် စာအုပ်တွေကို သန်းခေါင်စာရင်း၊ မှတ်ပုံတင်တွေ မတောင်းဘဲ တအိမ်ထောင်ကို တအုပ်နှုန်းဆီ ဝယ်ခွင့်စာအုပ်တွေ လိုက်လံပေးဝေနေပေမဲ့ မြို့နယ်တော်တော်များများမှာတော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဧည့်စာရင်းတွေ လိုက်လံကောက်ခံနေပါတယ်။

အဆိုပါ ဆီဝယ်ခွင့်စာအုပ်တွေမှာပါတဲ့ စည်းကမ်းချက်တွေကတော့ ဆီစာအုပ်တွေကို တဆင့်ရောင်းချတာ၊ ပေါင်နှံတာတွေကို လုံးဝမပြုလုပ်ရဘဲ အိမ်ထောင်စုတစုကို ဆီစာအုပ်တအုပ်သာ ပိုင်ဆိုင်ခွင့်ရှိပါတယ်။ 

စားအုန်းဆီကို သတ်မှတ်ထားတဲ့ရက်အတိုင်း ထုတ်ယူဖို့နဲ့ ပျက်စီးပျောက်ဆုံးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ချက်ချင်းအကြောင်းကြားရမှာဖြစ်ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်တွေကိုတော့ လာရောက်ဝယ်ယူခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။

ရွှေပေါက္ကံမှာ အဆောင်နေတဲ့သူတယောက်က “ဘယ်လောက်ဝယ်ခွင့်ရမလဲတော့ မပြောဘူး။ ဒီလကုန် စာအုပ်ရမယ်။ ရေးပေးထားတဲ့ဆိုင်မှာပဲ ဆီထုတ်ခွင့်ရမယ်၊ စာအုပ်ဖိုး ပေးရမယ်ဆိုတာပဲ အသိပေးထားတာ။ ကျနော်တို့ကတော့ အလုပ်နဲ့ တန်းစီဖို့ မလွယ်ဘူး။ အပြင်ကဆိုင်မှာပဲ ဝယ်ရမှာပဲ” လို့ ပြောပါတယ်။

စာအုပ်ပိုင်ရှင်က ဆီထုတ်ယူဖို့ မအားပါက ကိုယ်စားလှယ်လွှဲစာနဲ့ ထုတ်ယူနိုင်သလို စာအုပ်ကုန်တဲ့အခါ အသစ်ထပ်မံထုတ်ပေးမှာဖြစ်ပြီး ရပ်ကွက်ပြောင်းရွှေ့ပါက ဆီစာအုပ်ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ပြန်လည်အပ်နှံရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

လက်ရှိမှာတော့ စားအုန်ဆီးဈေးနှုန်းဟာ သြဂုတ် ၂၆ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ တပိဿာကို ၆,၃၇၅ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်မှာတော့ ကျပ် ၂၀,၀၀၀ လောက်အထိ ဈေးပေါက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013