DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် ATR လေယာဉ်များပံ့ပိုးကူညီနေသည့် ကုမ္ပဏီများကို ထုတ်ဖော်
DVB
·
August 29, 2024
မြန်မာစစ်တပ်အတွက် ATR လေယာဉ်များပံ့ပိုးကူညီနေသည့် ကုမ္ပဏီများကို ထုတ်ဖော်
Donate to DVB

မြန်မာစစ်အုပ်စုအသုံးပြုနိုင်ဖို့ ATR လေယာဉ်တွေ ပံ့ပိုးကူညီပေးနေတဲ့ ဥရောပ၊ စင်ကာပူနဲ့ မြန်မာနိုင်ငံရှိ ခရိုနီကုမ္ပဏီတွေအပါအဝင်  ကမ္ဘာတဝန်းရှိ ကုမ္ပဏီကွန်ရက်ကို    Justice For Myanmar အဖွဲ့က ဩဂုတ် ၂၉ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ 

စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပြစ်ပေးအရေးယူ ခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့  မြန်မာစစ်အုပ်စုအတွက် ၂၀၁၃ ခုနှစ်ကစလို့ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ၁၀ စီးကို  ဝယ်ယူအသုံးပြုနိုင်ဖို့ ကူညီပေးခဲ့ကြတဲ့ ကုမ္ပဏီတွေကို  Justice For Myanmar က သုတေသနပြုလုပ်ပြီး ထုတ်ပြန်လိုက်တာပါ။

ပြင်သစ်နိုင်ငံရှိ ATR နဲ့ Sabena Technics ၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems တို့အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီတွေဟာ  အီးယူရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်နေတဲ့ကြားက စစ်အုပ်စုအတွက် လေယာဉ်အဓိကအစိတ်အပိုင်းတွေပြုပြင်ပေးတာ၊ စက်ပစ္စည်းအစိတ်အပိုင်းနဲ့ အပိုပစ္စည်းတွေ ရောင်းချပေးတာ၊ မြန်မာစစ်ကောင်စီလေတပ်မှ လေသူရဲတွေကို သင်တန်းပေးတာတွေလုပ်ပြီး ကူညီနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံမှာရှိတဲ့  ကုမ္ပဏီတွေဟာလည်း  စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရေးပါတဲ့ စက်ပစ္စည်းနဲ့ အပိုပစ္စည်းတွေရောင်းချပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ ATR လေယာဉ်တွေ ဆက်လက်အသုံးပြုနိုင်အောင် ကူညီခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်နေခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာ၊ သူတို့အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

မြန်မာစစ်တပ်အတွက် ATR လေယာဉ်တွေထောက်ပံ့ကူညီရာမှာ နိုင်ငံခြားကုမ္ပဏီတွေသာမက မြန်မာနိုင်ငံက  ခရိုနီကုမ္ပဏီ 24 Hour Group ပိုင်ဆိုင်တဲ့ Air KBZ (ယခု Mingalar Aviation)၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group ၊  စစ်အုပ်စုဆက်နွှယ် ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group နဲ့ ခရိုနီဦးတေဇရဲ့  Htoo Group တို့ပါဝင်ပတ်သက်နေပြီး ဒီ  ကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့  မြန်မာစစ်လက်နက်ပွဲစားတွေ၊ မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီ ထားတဲ့ အရပ်ဘက်လေကြောင်းကုမ္ပဏီတွေနဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့လည်းအကြံပြုတိုက်တွန်းထားပါတယ်။

Justice For Myanmar ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုလည်းရော ကုမ္ပဏီတွေကိုပါ  ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

စစ်အုပ်စုဟာ ကလေးငယ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာလည်းကောင်း၊ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ လည်းကောင်း၊ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်ရာမှာ လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနဲ့ ကင်းထောက်လုပ်ငန်းတွေ အတွက်လည်းကောင်းအဆိုပါ  ATR လေယာဉ်တွေကို အသုံးပြုနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013