DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ကို မထောက်ခံရန် မြန်မာသံအမတ်ကြီး တိုက်တွန်း
DVB
·
August 28, 2024
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ကို မထောက်ခံရန် မြန်မာသံအမတ်ကြီး တိုက်တွန်း
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ဘယ်ရွေးကောက်ပွဲကိုမှ ထောက်ခံပံ့ပိုးခြင်း အလျှင်းမပြုဖို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  တိုက်တွန်းပါတယ်။

စစ်တပ်က ကျင်းပမယ်လို့ ကြွေးကြော်နေတဲ့ ဘယ်ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မယ်လို့ မယူဆသကဲ့သို့ ပြဿနာအတွက် အဖြေတခုအဖြစ်လည်း မရှုမြင်ကြောင်းနဲ့ ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခ ပိုမိုများပြား ရှည်ကြာစေမှာသာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ  သြဂုတ် ၂၆ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ ( UNFPA) ရဲ့ ပုံမှန် အစည်းအဝေးတရပ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်း ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ပြီး ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုထားပေမဲ့ ရွေးကောက်ပွဲကျင်းပမယ့်နေ့ရက် အတိအကျကိုတော့ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲလုပ်မှာဖြစ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်ထားကြဖို့  ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ဩဂုတ် ၂၄ ရက်က  နေပြည်တော်မှာ တွေ့ဆုံချိန်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ တရစပ် ဆိုးရွားတဲ့ လုပ်ရပ်တွေကြောင့် အလုံးစုံ ပျက်သုဉ်းနေပြီဖြစ်ကြောင်း၊ စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် ကျူးလွန်နေပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဒုက္ခဆင်းရဲခံစားနေရကြောင်း၊ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အဆိုးရွားဆုံး ဒုက္ခခံစားနေကြရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ 

ဩဂုတ် ၂၇ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နဲ့ ဆိုင်တဲ့ အစည်းအဝေးမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောရာမှာ နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေတာကြောင့် မြန်မာပြည်သူတွေ ခံစားနေရမှုတွေဟာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာကြောင်း၊ မြန်မာပြည်သူတွေ ခံစားနေရမှုဟာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့  ကြေကွဲစရာဖြစ်ရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဆိုပါပြဿနာရပ်တွေရဲ့ အဓိကဇာစ်မြစ်မှာ စစ်အာဏာရှင်နဲ့ မတရားစစ်အာဏာ သိမ်းယူမှု ကြောင့်ဖြစ်ကြောင်း၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဆင့်တို့တွင် ဟန်ချက်ညီညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ 

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းနေမှုအပေါ် ထိရောက်တဲ့ ထောက်ခံပံ့ပိုးမှု ပေးရန်လိုအပ်ကြောင်းနဲ့ လွတ်လပ်ပြီး စည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီ အနာဂတ်မြန်မာနိုင်ငံကို တည်ထောင်ခြင်းဖြင့်သာ မြန်မာပြည်သူအားလုံး ရည်မှန်းချက်ထားတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013