DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ အခက်အခဲကြောင့် နှင်းဆီပန်းကားများ အချိန်မီမရောက်၊ ရရာဈေးဖြင့် ရောင်းနေရ
DVB
·
August 27, 2024
စက်သုံးဆီ အခက်အခဲကြောင့် နှင်းဆီပန်းကားများ အချိန်မီမရောက်၊ ရရာဈေးဖြင့် ရောင်းနေရ
Donate to DVB

စက်သုံးဆီအခက်အခဲကြောင့် ဈေးကွက်တင်ပို့တဲ့ နှင်းဆီပန်းတင်တဲ့ကားတွေ ကြန့်ကြာပြီး အချိန်ခါမီ မရောင်းနိုင်လို့ ရရာဈေးနဲ့ ရောင်းချနေကြရပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်းကို အဓိကမှီခိုရတဲ့ ရန်ကုန် နှင်းဆီပန်းဈေးကွက်မှာ စက်သုံးဆီ အလုံအလောက်မရရှိတဲ့ အခက်အခဲကြောင့် ပန်းကားတွေ လမ်းခရီးကြာချိန်ကြောင့် အချိန်မီ မရောက်ရှိတာ၊ ကားရောက်လာချိန်မှာလည်း ကုန်စိမ်းသီးနှံ ဖြစ်တဲ့အတွက် မပျက်စီးခင် အလျင်အမြန် ရောင်းချရတဲ့အတွက် ဈေးထိန်းနိုင်တာမရှိဘဲ နှင်းဆီပန်းရောင်းဝယ်သူတွေမှာ အရင်းနီးပါးအတိုင်း ရောင်းချနေကြရတယ်လို့ နှင်းဆီပန်းရောင်းဝယ်သူတွေက ပြောပါတယ်။  

ထောက်ကြန့်ဈေးသစ်မှာ နှင်းဆီပန်း ရောင်းချသူတယောက်က “ဘယ်လိုကွာလဲဆိုတော့ မိုးကလည်း ရွာတယ်၊ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတော့ အရောင်းအဝယ်တွေက အေးတယ်။ အရင်းတိုင်းတွေချည်း ရောင်းနေရတယ်။ ဈေးတွေက မြင့်တယ်လေ။ ဆီတွေဘာတွေ ပြတ်တော့၊ ကားခတွေလည်းဈေးတက်တော့ ဒီမှာရောင်းရတာ အရင်းတိုင်းတွေ၊ ခြံဖြတ်ဈေးတွေအတိုင်းပဲ။ ဘယ်လိုပြောရမလဲ ကိုယ့်အတွက် အမြတ်မကျန်ဘူး။ အဲ့လိုပဲ။ ဒါပေမဲ့ အဆင်ပြေအောင်တော့ ဒီလိုပဲ လုပ်ရောင်းနေရတယ်” လို့ ပြောပါတယ်။

ပန်းကားတွေ နောက်ကျတတ်တာက အရင်ကလည်း ဖြစ်လေ့ဖြစ်ထရှိပေမဲ့ စက်သုံးဆီ ပြတ်လပ်လာပြီးတဲ့နောက်ပိုင်းမှာ ပန်းကားတွေ ပုံမှန်မဝင်နိုင်တော့တာက ပုံမှန်လို ဖြစ်လာပါတယ်။ ဒါကြောင့် နှင်းဆီပန်း ဝယ်ရောင်းလုပ်ကိုင်သူတော်တော်များများက အရှုံးဘက်ကို ရောက်လာတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။

ပန်းရောင်းသူတယောက်က “အကျိုးအမြတ်ကလည်း အရင်လို ဘယ်လုပ်ကိုင်ကောင်းနိုင်မတုံး။ လမ်းပန်းက တမျိုး၊ လမ်းကားက အချိန်မီမရောက်၊ ကားက ဘာဖြစ်လို့ မရောက်တာနဲ့ ကားက အချိန်မီမရောက်ရင် ပန်းကဟိုဟာဖြစ်သွားရော။ နေ့တိုင်းကြီးတော့ မဟုတ်ဘူးပေါ့လေ။ တခါတလေ အဲ့လို၊ ဒါပေမဲ့ အဲ့လိုပျက်တဲ့ရက်က များတယ်။ ကားနှောင့်နှေးတော့လေ” လို့ ပြောပါတယ်။

စက်သုံးဆီအခက်အခဲ ရက်ကြာလာသလို နယ်မြို့တွေမှာ စက်သုံးဆီပြတ်လပ်မှုက ပိုဆိုးလာတဲ့အတွက် တဆိုင်ဝင် တဆိုင်ထွက် ဆီတန်းစီရတဲ့ ကုန်ကားတွေမှာ အရင်ကထက် လမ်းခရီးကြာချိန်က ၂ ရက်ခရီးကို ၄ ရက်မောင်းရတဲ့အထိ ဖြစ်လာပါတယ်။  

ရှမ်းပြည်တောင်ပိုင်းကနေ ရန်ကုန်ဈေးကွက်အရောက် ပန်းအပါအဝင် သစ်သီးဝလံတွေကို ရန်ကုန်ဈေးကွက်အရောက် တင်ပို့နေရာမှာ လမ်းခရီးကြန့်ကြာပုံကို ယာဥ်မောင်းတယောက်က ရှင်းပြပါတယ်။

“သူက ကုန်စိမ်းဆိုတော့ ရက်လည်းနည်းနည်းကြာသွားတာပေါ့။ ခါတိုင်း ၂ ရက်ရောက်ရမယ့်ဟာ အခု ၄ ရက်ပေါ့။ ဆီတန်းရတာတမျိုး၊ ဂိတ်တွေအခက်အခဲတွေလည်းရှိတယ်၊ ရက်ကြာတာပေါ့။”

အရင်က နှင်းဆီပန်းကို မှော်ဘီ၊ မြောင်းတကာ၊ တိုက်ကြီး စတဲ့ ဒေသတဝိုက်မှာ စိုက်ပျိုးကြပေမဲ့ ရှမ်းပြည်တောင်ပိုင်း ပင်းတယနဲ့ တောင်ကြီးမြို့နယ်တဝိုက်က ထွက်ရှိတဲ့ပန်းတွေက အဖူးအပွင့် ပိုကြီးပြီး အရွက်တွေလည်း ပိုလှတာကြောင့် ရန်ကုန်နှင်းဆီပန်းဈေးကွက်က ရှမ်းပြည်ထွက်ပန်းကို အဓိကထား ရောင်းဝယ်လာကြတာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် စက်သုံးဆီ မကြာခဏ ပြတ်လပ်လာတာက ဒေသတွင်း ထုတ်ကုန်တွေ အပြန်အလှန် စီးဆင်းဖို့ အခက်အခဲရှိလာတာဖြစ်ပြီး တနိုင်တပိုင် လုပ်ကိုင်နေကြတဲ့ မိသားစုစီးပွားရေးတွေကို ထိခိုက်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013