DVB Logo
Home
Lead Story
ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှုဒဏ် ခံနေရသည့် မြန်မာလူထု
DVB
·
August 27, 2024
ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှုဒဏ် ခံနေရသည့် မြန်မာလူထု
Donate to DVB

မြန်မာကျပ်ငွေတန်ဖိုး တဟုန်ထိုး ကျဆင်းလာတဲ့အတွက် အစားအသောက်နဲ့ ဆေးဝါးတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ တန်ဖိုးထိုးတက်လာမှုဟာ စီးပွားရေး ချွတ်ခြုံကျမှုနဲ့ ပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုဒဏ် အလူးအလဲခံနေရတဲ့ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေကို အကြီးအကျယ် အတိဒုက္ခရောက်စေတဲ့အကြောင်း ရိုက်တာသတင်းမှာ ဩဂုတ် ၂၁ ရက်က ဖော်ပြပါတယ်။

မြန်မာငွေကြေးတန်ဖိုးဟာ မကြာသေးခင် ရက်ပိုင်းအတွင်းမှာ အကြီးအကျယ် ထိုးကျခဲ့ပြီး ဩဂုတ်လ အစောပိုင်းက မှောင်ခိုဈေးကွက်မှာ အမေရိကန် တဒေါ်လာကို ကျပ်ငွေ ၅,၀၀၀ ဈေးပေါက်ခဲ့ရာကနေ တပတ်အကြာမှာတော့ တဒေါ်လာကို မြန်မာငွေ ၇,၅၀၀ အထိ ရှိခဲ့တယ်လို့ နိုင်ငံခြားငွေ ဝယ်ရောင်းလုပ်နေသူ ၄ ဦးထံကနေ သိရပါတယ်။

ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းရတာဟာ မြန်မာစစ်ကောင်စီက ငွေစက္ကူတွေကို လိုသလို ရိုက်နှိပ်ထုတ်ဝေနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ငွေလွှဲလုပ်ငန်း အကျိုးဆောင်တဦးက“လူတွေက မြန်မာငွေရောင်းပြီး ထိုင်းဘတ်ငွေ ဝယ်ယူတာတွေ အသည်းအသန် လုပ်လာကြတယ်။ ဘတ်ငွေရောင်းတဲ့သူဆိုလို့ ထိုင်းကနေ မြန်မာနိုင်ငံကို ငွေလွှဲချင်တဲ့သူတွေလောက်ပဲရှိတယ်” လို့ ပြောပါတယ်။

မှောင်ခိုဈေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၆,၀၀၀ ဝန်းကျင် ရှိနေချိန်မှာ စစ်ကောင်စီရဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေက တဒေါ်လာကို ကျပ်ငွေ ၂,၁၀၀ နှုန်း၊ အွန်လိုင်းဈေးကွက် ငွေလဲလှယ်မှုအနေနဲ့ ၃,၄၀၀ ကျပ်နှုန်း သတ်မှတ်ထားပေမဲ့ ကုန်ဈေးနှုန်းတွေကတော့ လျော့ကျလာတာ မရှိပါဘူး။

ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့အတူ နိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာခဲ့သလို တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်ကြန့်ကြာမှုတွေ ရှိတဲ့အတွက် မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာပဲ ဆေးဝါးနဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှ တင်သွင်းတဲ့ ဟင်းချက်ဆီ အပါအဝင် တခြားထုတ်ကုန်တွေရဲ့ တန်ဖိုးဟာ မကြာသေးခင် ရက်များအတွင်း ၂ ဆ၊ ၃ ဆအထိ ခုန်တက်ခဲ့ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အလားတူ ဆီးချိုသမားတွေ သောက်သုံးနေရတဲ့ ဆေးဝါးတန်ဖိုးတွေဟာလည်း ၁၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းကြား မြင့်တက်ခဲ့ပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာတောင် ဆေးဝါးတွေကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိနိုင်တဲ့အကြောင်း ဆေးဝါးတာဝန်ရှိသူတွေနဲ့ ဆရာဝန်တဦးက ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိခဲ့ပါဘူး။

တချိန်က နယ်စပ်ကုန်သွယ်ရေးဈေးကွက်မှာ အလားအလာကောင်းတွေ ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတွင်းကနေ ထွက်ခွာတာ၊ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ ကန့်သတ်မှုတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကနေ နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်ရေးအဖြစ် ကြီးထွားလာခဲ့တာတွေကြောင့် မြန်မာနိုင်ငံဟာ အစစအရာရာ ချွတ်ခြုံကျလာခဲ့တာ ဖြစ်ပါတယ်။  

စစ်ကောင်စီဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ ပြုလုပ်နေတဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေ အပါအဝင် စိုးမိုးနယ်မြေတွေကို တဖြည်းဖြည်းနဲ့ လက်လွှတ်လာခဲ့ရပြီး စီးပွားရေးတည်ငြိမ်အောင် စီမံနိုင်ဖို့လည်း ရုန်းကန်နေရပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ ပြီးခဲ့တဲ့ ၆ နှစ်ကထက် ပိုမိုကျယ်ပြန့်လာခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်းသာ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ဇွန်လက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့ဦးရေ တိုးမြင့်လာတဲ့အတွက် အိမ်ထောင်စု တစုချင်းစီရဲ့ ဝင်ငွေဟာလည်း ကျဆင်းလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။

လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆင်က “အခုလို တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ ပရမ်းပတာ ဖြစ်ရတာဟာ စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်တယ်” လို့ မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ အခြားစီးပွားရေးထိခိုက်မှုတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီကတော့ ငွေကြေးတန်ဖိုးနဲ့ စီးပွားရေးတည်ငြိမ်အောင် ကြိုးပမ်းမှုအနေနဲ့ နိုင်ထက်စီးနင်း ချဉ်းကပ်နည်းကို အသုံးပြုခဲ့ပါတယ်။ ဇွန်လကစပြီး ရွှေကုန်သည်တွေ အပါအဝင် နိုင်ငံခြားငွေ ဝယ်ရောင်းလုပ်နေသူ ၅၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီမှာ လက်ရှိ စီးပွားရေး အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ကောင်းမွန်တဲ့ အစီအစဉ် မရှိတဲ့အကြောင်း ပြောပါတယ်။

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က “စစ်ကောင်စီမှာ လက်ရှိဖြစ်နေတဲ့ စီးပွားရေး အနေအထားကို စီမံနိုင်ဖို့အတွက် ထိရောက်ကောင်းမွန်တဲ့ လုပ်ငန်းစဉ် ဘာတခုမှ မရှိပါဘူး။ ငွေစက္ကူတွေ ပိုမိုရိုက်ထုတ်နေတာက ငွေကြေးဖောင်းပွမှုကို မြင့်တက်စေတဲ့အပြင် အရင်က တခါမှမကြုံဘူးတဲ့ စီးပွားရေးအကျပ်အတည်းကို ဖန်တီးနေတာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက ငွေကြေးဖောင်းပွတာနဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းဖို့ နည်းလမ်းမျိုးစုံ လုပ်ဆောင်နေပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်ဘဲ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပါတယ်။

တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှု တိုးလာပြီး အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကို လျှော့ချဖို့အတွက် စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းတာ ဘဏ်တိုးနှုန်းတွေ မြှင့်ပေးတာ စတာတွေ လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ အလုပ်မဖြစ်ဘဲ ကုန်ဈေးနှုန်းတွေက ဆက်တိုက်မြင့်တက်လာနေပါတယ်။ 

တခြားတိုင်းပြည်တွေမှာ လုပ်ဆောင်နေတဲ့ စီးပွားရေးမူဝါဒတွေက အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ အခြေအနေနဲ့ကတော့ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ကြောင်း ဘောဂဗေဒပညာရှင် ဒေါက်တာမင်းမင်းသော်က သုံးသပ်ပါတယ်။

“ဘယ်တိုင်းပြည်ရဲ့ ဗဟိုဘဏ်ပဲဖြစ်ဖြစ်၊ ကိုယ့်တိုင်းပြည်ရဲ့ inflation ကို ကုန်ဈေးနှုန်း အရမ်းဖောင်းပွတာတွေကို ကျစေချင်လို့ရှိရင် Contractionary Monetary Policy ကို လုပ်ကြတယ်။ ဒါပေမဲ့ မြန်မာပြည်အတွက်ကတော့ ဒီဟာက effective ဖြစ်မလားဆိုတော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ Cost push inflation လို့ ခေါ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့အချိန်မှာ ကုန်ကျစရိတ်က အရမ်းကိုများလာတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ကြမ်းတွေက တခြား တိုင်းပြည်တွေက ဝယ်ရတယ်။ အဲဒီလို တိုင်းပြည်တွေမှာကျတော့ ဗဟိုဘဏ်ကနေပြီး ဘဏ်တိုးနှုန်းကို မြှင့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွတာက သိပ်ပြီးမကျလာနိုင်ဘူး၊ နောက်ထပ် နံပါတ် ၂ က မြန်မာပြည်မှာက economic activity တွေက interest rate နဲ့ သိပ်ပြီး depend မဖြစ်ဘူး၊ ပေါ်လစီက မှန်လားဆိုရင်တော့ economic policy က မှန်တယ်။ ဒါပေမဲ့ မြန်မာပြည်အတွက် effective ဖြစ်မလား ဆိုရင်တော့ effective မဖြစ်ဘူးလို့ ခန့်မှန်းမိပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဗဟိုဘဏ်က ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးတာရှိပေမဲ့ ငွေကြေးဖောင်းပွတာကို သိသိသာသာ လျော့ကျစေမှာမဟုတ်ဘဲ ဒေါ်လာသန်း ၅၀၀ လောက်ကို ၇ လလောက်ဆက်တိုက် ရောင်းထုတ်ပေးနိုင်ခဲ့မယ် ဆိုရင်တော့ သိသာတဲ့ ငွေကြေးဖောင်းပွမှုကို လျော့ကျစေမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

လက်ရှိမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက အခြေခံလူတန်းစားတွေ ဝယ်ယူစားသုံးနိုင်ဖို့ အခက်အခဲတွေ ရှိနေတဲ့အထိကို မြင့်တက်လာတယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။

“ချဉ်ပေါင်ရွက်တစည်းကို ကျပ် ၃၀၀၊ တောကန်စွန်းရွက်ရိုးရိုးတစည်းကို ၃၀၀၊ ရန်ကုန်မှာဆိုရင် ကန်စွန်းရွက်ကြီး တစည်းကို ၁၀၀၀ ထိ ရှိတယ်၊ ကုန်ဈေးနှုန်းက အရင်ကထက် အများကြီးကို ကွာဟလာတယ်၊ အခု ချဉ်ဟင်းတခွက်စားဖို့အတွက်တောင်မှ ၁၀၀၀ မကျော်ဘဲ စားလို့မရဘူး။ အလုပ်အကိုင်တွေက ရှားပါးပြီး ကုန်ဈေးနှုန်းတွေက တအားမြင့်နေတဲ့အခါကျတော့ အောက်ခြေ လူတန်းစားတွေက အရမ်းကို ဒုက္ခရောက်ပြီး တချို့တွေဆို ဆန်ပြုတ်သောက်နေရတဲ့ဘဝတွေ ရှိတယ်၊ တအားကျပ်တည်းပြီး ဒုက္ခတွေ ရောက်နေကြတာပေါ့၊ အများစုကတော့ အောက်ခြေ လူတန်းစားတွေ ဒုက္ခရောက်တာပဲ။ အဆမတန် မြင့်တက်သွားတာဆိုတော့ မငတ်ရုံ တမယ်ပဲ။ ငတ်နေတဲ့သူတွေလည်း ရှိတယ်။”

လတ်တလောမှာတော့ အခြေခံစားကုန်တွေဖြစ်တဲ့ ကြက်ဥတလုံးကို ကျပ် ၄၅၀ ၊ ကန်စွန်းရွက် ရိုးရိုးက ကျပ်  ၃၀၀ ကနေ ၅၀၀ ထိရှိနေပြီး၊ တရုတ်ကန်စွန်းကြီးတစည်းကို ကျပ်  ၇၀၀ ကနေ ၁၀၀၀ အထိ ပေးဝယ်နေရတာ ဖြစ်ပါတယ်။ 

ကြက်သွန်ဖြူ တပိဿာ  ၂၅,၀၀၀၊ ကြက်သွန်နီ တပိဿာ ၅၀၀၀ နဲ့ မြန်မာကြက် တပိဿာ  ၂၅,၀၀၀၊ CP ကြက် တပိဿာ  ၁၂,၀၀၀ ကျပ်နဲ့ ဝက်သား တပိဿာကို ၂၅,၀၀၀ ထိ ကုန်ကျနေတာပါ၊ ဒါက အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ်က ကုန်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။ 

Ref: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013