DVB Logo
Home
မြန်မာသတင်း
လူငယ်များအား ပြည်ပထွက်ခွင့် ပိတ်ပင်မှုကြောင့် ငွေကြေးနှင့် အလုပ်အကိုင် ဆုံးရှုံး
DVB
·
August 26, 2024
လူငယ်များအား ပြည်ပထွက်ခွင့် ပိတ်ပင်မှုကြောင့် ငွေကြေးနှင့် အလုပ်အကိုင် ဆုံးရှုံး
Donate to DVB

ရန်ကုန်လေဆိပ်မှာ ပြည်ပထွက်ခွာမယ့်သူတွေကို အထောက်အထား စုံလင်ရင်တောင် ပြန်လွှတ်တာတွေ ရှိတာကြောင့် ပြည်ပထွက်ချင်တဲ့လူငယ်တွေ ငွေကြေးနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

PV အလည်အပတ်ပတ်စ်ပို့ ကိုင်ဆောင်ပြီး ပြည်ပကို အလုပ်အကိုင်ဗီဇာနဲ့ ထွက်မယ့်သူတွေကို ထွက်ခွာခွင့်မပြုဘဲ လေဆိပ်အပါအဝင် နယ်စပ်ဂိတ် အားလုံးကနေ တင်းတင်းကျပ်ကျပ် စိစစ် တားမြစ်သွားမယ်လို့ စစ်ကောင်စီက သြဂုတ်လအတွင်း ကြေညာခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီလက်အောက်ခံ လေဆိပ်ရဲနဲ့ လဝက အရာရှိတွေက ပြည်ပထွက်မယ့်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေး မေးမြန်းပြီး၊ ပြည်ပထွက်ခွင့်မပြုဘဲ ပြန်လွှတ်တာတွေ ရှိနေပါတယ်။

အထူးသဖြင့် PV အလည်အပတ် ပတ်စ်ပို့နဲ့ ထိုင်း အပါအဝင် စင်ကာပူ၊ မလေးရှား၊ ယူအေအီး နိုင်ငံတွေကို အလည်အပတ်သွားမယ့်သူတွေကို အလုပ်သွားလုပ်မယ်လို့ သံသယရှိပါက ပြည်ပထွက်ခွင့်မပြုဘဲ ပြန်လွှတ်တယ်လို့ ကာကယံရှင်တွေက ပြောပါတယ်။

ပြန်လွှတ်ခံရတဲ့ အမျိုးသမီးတယောက်က “ပြည်ပ အလွယ်တကူထွက်လို့ မရတော့တဲ့အတွက် အများကြီးကတော့ ထိခိုက်နစ်နာတာပေါ့။ အလုပ်နဲ့သွားမယ့်သူတွေ ဆိုရင်လည်း အကုန်လုံး ကိုယ်က အချိန်တွေ နှစ်တွေ အများကြီးပေးပြီး ကြိုးပမ်းလုပ်ခဲ့တာကိုမှ မထွက်ရတော့ဘူး၊ ပိတ်ချလိုက်ပြီဆိုရင် ဒီကြိုးပမ်းထားတဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ အကုန်လုံး ရိုက်ချခံလိုက်ရသလို ဖြစ်တဲ့အတွက် အများကြီး နစ်နာတာပေါ့။ ပြီးတော့ အခု PJ တောင်မှ မဟုတ်ဘဲ PV တောင် ထွက်ရခက်တဲ့ အနေအထား ဖြစ်သွားတော့ အရေးပေါ်သွားရတဲ့ အခါမျိုးတွေမှာ လွယ်လွယ်နဲ့ သွားရမှာကို နှောင့်နှေးတာတွေ ဖြစ်ကုန်တာပေါ့။ နိုင်ငံခြားထွက်ဖို့က လွယ်တဲ့ကိစ္စ မဟုတ်ဘူးလေ။ ဒီလိုထွက်ဖို့က ဘတ်ဂျက်တွေ၊ အစီအစဉ်တွေ အကုန်ခံပြီးမှ လေဆိပ်ရောက်မှ မသွားရဘူး။ ဒီစည်းကမ်းတွေနဲ့မညီလို့ ပေးမထွက်ဘူး ဆိုတာက ကိုယ်ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် အများကြီး ထိခိုက်နစ်နာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်ပထွက်ခွာမယ့်သူတွေကို အကြောင်းအရာအလိုက် PV (Passport for visit) အလည်အပတ်၊ PJ (Passport for job) အလုပ်အကိုင် PE (Passport for Education) ပညာရေး၊ PB (Passport for Business) စီးပွားရေး၊ PR (Passport for Religious) ဘာသာရေး၊ PD (Passport for Dependent) မှီခိုနဲ့ PS (Passport for Seaman) သင်္ဘောသားပတ်စ်ပို့ ဆိုပြီး အမျိုးအစားတွေ ခွဲခြားထားတာပါ။

PV ပတ်စ်ပို့နဲ့ ပြည်ပထွက်မယ်ဆိုရင် လေယာဉ် အသွားအပြန်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ ခရီးစဉ်အသေးစိတ်နဲ့ Show money စတဲ့ အထောက်အထားတွေ ပြသရတာ ဖြစ်ပါတယ်။ အဲဒီလို အထောက်အထားတွေအပြင် လဝက အရာရှိတွေမေးတဲ့ မေးခွန်းတွေကို ကျိုးကြောင်း ဆီလျော်အောင် မဖြေဆိုနိုင်ဘူးဆိုရင်လည်း ပြန်လွှတ်တာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ကိုယ်တိုင်ကြုံရသူတယောက်က “ကျနော်တို့ဆိုရင် သံရုံးမှာ တိုးရစ်ဗီဇာနဲ့ လာခဲ့တယ်။ အဲဒီအထိက အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ Immigration ဖြတ်တဲ့အချိန်မှာ ကျနော်တို့ကို အများကြီး စစ်လားဆေးလား၊ မေးမြန်းတာတွေ အများကြီးလုပ်ပြီးမှ သူတို့မေးသမျှကို ကျနော်တို့က ကောင်းကောင်းကြီး ပြန်ပြောနိုင်လို့ ရောက်လာကြတယ်။ ကျနော့်ရှေ့မှာပဲ အဲ့လိုမျိုးဖြေပြီး သူတို့မေးသမျှကို ကောင်းကောင်းမဖြေနိုင်တဲ့အတွက်ကြောင့် အကျိုးအကြောင်း မဆီလျော်ဘဲ ပြန်ပို့ခံရသူတွေ၊ ထွက်မလာနိုင်တဲ့သူတွေကို ကျနော့်ရှေ့မှာပဲ အများကြီး ကြုံခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်ရှိ ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေမှာ အသက်အကျုံးဝင်နေတဲ့ လူငယ်လူရွယ်တွေကို ရပ်ကွက်၊ ကျေးရွာတွေအလိုက် အုပ်ချုပ်ရေးမှူးတွေကတဆင့် စာရင်းကောက်ခံနေပြီး ပြည်ပရောက်နေတဲ့ လူငယ်တွေရဲ့ အချက်အလက် စာရင်းတွေကိုလည်း မိသားစုတွေဆီ တောင်းခံတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင်က ပြည်သူ့စစ်မှုထမ်းဥပဒေ ပြန်အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၆ လကြာပြီးနောက် သြဂုတ်လ နောက်ဆုံးပတ်အထိ စစ်မှုထမ်းအပတ်စဉ် ခေါ်ယူတာတွေ အပတ်စဉ် ၄ အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013