
မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ် မြေပြင်နဲ့ ဝေဟင်စစ်တပ်တွေ ပူးပေါင်းပြီး ကင်းလှည့်တာနဲ့ ပစ်ခတ်လေ့ကျင့်တာတွေ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ ဩဂုတ် ၂၆ ရက်မှာ ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်တာဖြစ်ပြီး ယူနန်ပြည်နယ်ထဲက ရွှေလီ၊ ကျန်းကန်ဒေသတွေနဲ့ တခြား ရှေ့တန်းဒေသတွေမှာ အဓိကထား လုပ်ဆောင်သွားမယ်လို့ စစ်တပ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ကျလို့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရပြီး နယ်စပ်တရုတ်နိုင်ငံဘက်ခြမ်းက နေအိမ် အဆောက်အအုံတွေ ထိခိုက်စေတဲ့အပြင် တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းကွပ်ကဲရေးဌာနက တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ စုစည်းထားသလို တပ်ဖွဲ့တဖွဲ့က သြဂုတ် ၂၇ ရက်ကနေ ၂၉ ရက်အထိ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း သီးခြားထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ရေးနဲ့ လူမှုစည်းလုံးညီညွတ်ရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း တရုတ်နိုင်ငံက ပြောထားသလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ကတိကဝတ်တွေကို ဆက်လက်ထားရှိသွားမယ်လို့ မကြာသေးမီက ပြောထားပါတယ်။
Source-The Straits Times/ Reuters