DVB Logo
Home
နိုင်ငံတကာ
မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ထိုင်းနိုင်ငံ အရှိန်မြှင့်လုပ်ဆောင် 
DVB
·
August 25, 2024
မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ထိုင်းနိုင်ငံ အရှိန်မြှင့်လုပ်ဆောင် 
Donate to DVB

ထိုင်းနိုင်ငံဟာ ကူးစက်နိုင်တဲ့ Clade 1b ဗိုင်းရပ်စ်ပိုးကူးစက်ခံ ပထမဆုံးသော လူနာကို တွေ့ထားပြီလို့ အတည်ပြုပြီးတဲ့နောက် မျောက်ကျောက်ရောဂါ (Mpox) ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

ရောဂါကူးစက်ခံရသူဟာ ထိုင်းနိုင်ငံကို မရောက်ခင် ပြီးခဲ့တဲ့သီတင်းပတ်က အာဖရိကကို ခရီးသွားခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ဥရောပသား အမျိုးသားတဦးဖြစ်ပါတယ်။

သူဟာ အာရှဒေသထဲမှာ Clade 1b ကူးစက်ခံ ပထမဆုံး အတည်ပြုလူနာဖြစ်ပါတယ်။ သူ့ကို ဆေးရုံမှာ သီးခြားခွဲထားတယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) က ဆိုပါတယ်။

ကူးစက်ခံရသူဟာ သြဂုတ် ၁၄ ရက်က အရှေ့အလယ်ပိုင်းဒေသကနေ လေကြောင်းခရီးနဲ့ ထိုင်းနိုင်ငံကို ရောက်လာခဲ့တယ်လို့ DDCက တာဝန်ရှိသူက ပြောပါတယ်။

သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ၄၃ ဦးကို ခြေရာခံစောင့်ကြည့်ဖို့ တာဝန်ရှိသူတွေက အဖွဲ့တဖွဲ့ လွှတ်ထားတယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံအပြင် အာရှက တခြားနိုင်ငံတွေမှာလည်း အခုလအတွင်း ကူးစက်တာတွေ ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ မျောက်ကျောက်ဗိုင်းရပ်စ် အပျော့စား Clade II မျိုးကွဲတမျိုးစီကို တွေ့ထားပြီလို့ ကြေညာခဲ့ပါတယ်။

မျောက်ကျောက်ရောဂါဟာ နိုင်ငံတကာမှာ စိုးရိမ်ပူပန်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

တကမ္ဘာလုံးကို ပိုးကူးစက်မယ့် အလားအလာတွေအတွက် ပိုတိုးပြီး တပ်လှန့်ထားပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ လွန်ခဲ့တဲ့ ခြောက်လအတွင်း အာဖရိကဟာ အများဆုံး ကူးစက်ခံရတဲ့ ဒေသဖြစ်ပြီး  ကူးစက်ခံရသူ အယောက် ၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၃ ဦးရှိခဲ့ပါတယ်။

အမေရိကတိုက်မှာလည်း အလားတူ ကာလအတွင်း ကူးစက်ခံ အယောက် ၂၀၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး ဥရောပမှာတော့ ကူးစက်ခံ အယောက် ၈၀၀ ကျော်သာ ရှိတယ်လို့ WHO က ဆိုပါတယ်။

တကမ္ဘာလုံးမှာ WHO ရဲ့ ဒေသခြောက်ခုလုံးမှာ အဖွဲ့ဝင်နိုင်ငံ ၁၂၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို အစီရင်ခံထားပြီးပါပြီ။ အခုနှစ် ဇူလိုင်လအထိ အတည်ပြုလူနာပေါင်း ၁၀၃,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၂၂၃ ဦးရှိပြီလို့ WHO က အတည်ပြုထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013