
ကမ္ဘောဒီးယားနိုင်ငံရဲ့ စစ်ပွဲတွေနဲ့ မငြိမ်မသက်ကာလတွေအတွင်းက တိုင်းပြည်မှ လုယက်သွားတဲ့ ရာစုနှစ်ချီ သက်တမ်းရှိ ရှေးဟောင်းပစ္စည်းတွေအတွက် ပြည်တော်ပြန်အခမ်းအနားကို သြဂုတ် ၂၂ ကကျင်းပရာမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် တက်ရောက်ပါတယ်။
ဖနွမ်းပင်မြို့ ငြိမ်းချမ်းရေးနန်းတော်မှာ ကျင်းပတဲ့ အခမ်းအနားကို အစိုးရအရာရှိတွေနဲ့ အမေရိကန်သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး ဖုံဆက်ကိုးနာ ခြံရံလိုက်ပါလာတဲ့ ဝန်ကြီးချုပ် ဟွန်မာနက် ဟာ အခမ်းအနားအတွင်း ခင်းကျင်းထားတဲ့ ရှေးဟောင်းရုပ်တုတွေ ရှေ့မှောက်မှာ ပန်းကုံးတွေ ချပေးခဲ့ပါတယ်။
ခင်းကျင်းပြသထားတဲ့ ပစ္စည်းပေါင်း ၇၀ ထဲက ပန်းပုရုပ် ၁၄ ရုပ်ကို နယူးယောက်မြို့ မက်ထရိုပိုလီတန် အနုပညာပြတိုက် (MET) မှ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဇူလိုင် ၃ ရက် မှာ ကမ္ဘောဒီးယားကို ရောက်ရှိခဲ့တာပါ။
တခြား ၅၆ မျိုးကတော့ ပုဂ္ဂလိက စုဆောင်းမှုတွေကနေ ရရှိခဲ့တာဖြစ်ပြီး အရင်က ကမ္ဘောဒီးယားကနေ ခိုးယူခဲ့တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။
အဲဒီပစ္စည်းတွေထဲမှာ ခမာယဉ်ကျေးမှု ရတနာပစ္စည်း အမျိုးမျိုး၊ အန်ကောဝပ် မတိုင်မီနဲ့ အန်ကောဝပ်ခေတ်မှ ရှီဝနဲ့ အူမာ ဟိန္ဒူပန်းပုရုပ်တွေ၊ ဗုဒ္ဓဘာသာဝင် သူတော်စင် လောကီဒက်ရှ်ဗရာရဲ့ ကြေးဦးခေါင်းတို့ ပါဝင်ပါတယ်။
စစ်ပွဲတွေနဲ့ တရားမ၀င် မှောင်ခိုကူးမှုတွေကြောင့် အဲဒီကြေးဦးခေါင်းဟာ ရုပ်တုခန္ဓာကိုယ်နဲ့ ဆယ်စုနှစ်များစွာ ကွဲကွာနေခဲ့တာဖြစ်ပြီး ဖနွမ်းပင် အမျိုးသားပြတိုက်မှာတော့ ရုပ်တုကိုယ်အင်္ဂါတွေ ပြန်လည် ပေါင်းစည်းတော့မှာ ဖြစ်ပါတယ်။
Source-Reuters
Photo-Reuters