DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံတွင် ရေကြီးမှုဆိုးရွား၊ အိမ်ခြေပေါင်း ၁၀,၀၀၀ ကျော်ရေဘေးသင့် 
DVB
·
August 22, 2024
ထိုင်းနိုင်ငံတွင် ရေကြီးမှုဆိုးရွား၊ အိမ်ခြေပေါင်း ၁၀,၀၀၀ ကျော်ရေဘေးသင့် 
1 / 4
Donate to DVB

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ခရိုင်အတော်များများမှာ ရေကြီးနေပြီး အထူးသဖြင့် ထိုင်းမြောက်ပိုင်းမှာ ပိုမိုဆိုးရွားကာ အိမ်ခြေပေါင်း ၁၀,၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။ 

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးဌာနရဲ့ ဩဂုတ် ၂၂ ရက် ဒီကနေ့မနက် ၁၁ နာ ရီထုတ်ပြန်ချက်အရ ဒီလ ၁၆ ရက်မှ ၂၂ ရက်နေ့အတွင်း ထိုင်းနိုင်ငံတဝန်း ဖစ်ချ်ဘွန်း၊ ချင်းရိုင်၊ ချင်းမိုင်၊ နန့်၊ ဖယောဝ်း၊ လမ်းပန်း၊ ဖရဲ့၊ ဥဒွန်းဌာနီ၊ လယောင်း၊ ဖူးကက်  စတဲ့ ခရိုင် ၁၀ ခုမှာ ရေကြီးရေလျှံဖြစ်ပွားပြီး ၄၇ မြို့နယ် ၁၁၄ အုပ်စု ၅၉၁ ရပ်ကွက်/ရွာက အိမ်ထောင်စုပေါင်း ၁၅၉၈၈ စု ရေဘေးသင့်ခဲ့တယ်။ 

နေရာအချို့မှာ ရေတွေပြန်ကျသွားပေမဲ့လည်း ဒီကနေ့ထိ ချင်းရိုင်း၊ ဖယောဝ်း၊ လမ်းပန်း၊ နန့်၊ ဖရဲ့၊ ဖစ်ချ်ဘွန်း နဲ့ ဥဒွန်းဌာနီ စတဲ့ခရိုင် ၇ ခုက ၃၁ မြို့နယ်၊  ၁၀၅ အုပ်စု၊ ၅၄၁ ရပ်ကွက်/ကျေးရွာက အိမ်ထောင်စု ၁၂၇၇၇ စုမှာ ရေဘေးသင့်နေဆဲပဲလို့ ဆိုပါတယ်။ 

အဲဒီထဲက ချင်းရိုင်း၊ နန့်၊ ဖရဲ့၊ လမ်းပန်း စတဲ့ခရိုင်တွေထဲမှာ ရေကြီးမှုဆိုးရွားနေတယ်၊ ချင်းရိုင်းခရိုင် ခွန်တန် နဲ့ ဝိန်းကဲန်မြို့နယ်ထဲမှာ တောင်ကျရေတွေ ငေါဝ်းချောင်းထဲ အရှိန် ပြင်းပြင်းနဲ့ ဒရဟောစီးဆင်းလာလို့  ချောင်းဘေးရှိ အိမ်ခြေအချို့နဲ့ ကားအစီးရေတော်တော်များ ရေထဲမျောပါသွားတယ်၊ ထိန်း နဲ့ ဝိန်းကဲန်မြို့ကြား ဆက်သွယ်ထားတဲ့ ဘန့်ပန်ခကွန်ကရစ်တံတ ားလည်း ကျိုးကျသွားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ချနယ်လ် ၇ ထိုင်းသတင်းမှာလည်း ဖော်ပြပါတယ်။ 

ဝိန်းကဲန်မှာ နှစ်စဉ်ရေကြီးလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အဆိုးရွားဆုံးဖြစ်ကြောင်၊ ငေါဝ်းချောင်းရေဟာ မဲခေါင်မြစ်ထဲစီးဆင်းသွားတယ်၊ ဒီနှစ်မှာ မဲခေါင်မြစ်လည်း ရေတွေကြီး နေလို့ ချောင်းကဝင်လာတဲ့ရေတွေ လက်မခံနိုင်ဘူး၊ ဒါကြောင့် ရေကျနှုန်းနှေး နေတယ်၊ လောလောဆယ် ရေစီး‌ရေလာ‌ကောင်းအောင် အမှိုက်သရိုက်တွေကို ဘက်ဟိုးကားနဲ့ ဆယ်ထုတ်နေတယ်လို့ ဝိန်းကဲန်အုပ်ချုပ်ရေးမှူးက သတင်းဌာနကို ပြောပါတယ်။ 

ခွန်တန်မြို့နယ်မှာလည်း တောင်ကျချောင်းရေတွေ ပါဒန်းရပ်ကွက်ထဲဝင်လာလို့ ကားနဲ့ အိမ်တွေ အတော်များပျက်စီးတယ်၊ အနှစ် ၂၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုပဲလို့ ဒေသခံတွေက ပြောပါတယ် ။ 

ခွန်တန် နဲ့ ချင်းရိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးပေါ်မှာလည်း ၅ ကီလိုမီတာအရှည်ထိ ရေကြီးလို့ သွားလာရေးခက်ခဲနေပါတယ်။ 

လမ်းပန်းခရိုင်မှာလည်း ငေါဝ်း၊ ဝန်းနေ၊ ကျဲ့ဟုန်၊ မယ်မော့ စတဲ့မြို့နယ်ထဲမှာလည်း ဆည် ကျိုးကျတာ နဲ့ တောင်ကျချောင်း‌ရေတွေကြောင့် လယ်ယာစိုက်ခင်းဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေပါတယ်။ 

ကျန်ခရိုင်တွေမှာလည်း တံတားကျိုးတာ၊ ဓာတ်မီးတိုင်ပြိုကျတာ၊ အိမ်မွေးတိရစ္ဆာန်တွေ ရေထဲမျောပါတာ၊ လမ်းပိတ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း ဒီဩဂုတ် ၂၄ မှ ၃၀ ရက်နေ့ထိ  ခရိုင်ပေါင်း ၃၅ ခရိုင်တွင်း  တောင်ကျချောင်းရေနဲ့ ရုတ်တရက်ရေကြီးရေလျှံမှုတွေ သတိထားဖို့ ထုတ်ပြန်ထား ပါတယ်။ 

အဆိုပါခရိုင် ၃၅ ခုမှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်း၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ် ၊ လမ်းပန်း၊ ဖယောဝ်း၊ နန့် ၊ ဖရဲ့ ၊ ဆုခိုထိုင်း ၊ ဥဒရာဒစ်၊ ဗိစနုလုတ်၊ ဖစ်ချ်ဘွန်း၊ အ‌ရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုန် အနောက်ပိုင်း ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ ဖစ်ချ်ပူရီ၊ ပရကျုပ်ခီရီခန် အရှေ့ပိုင်း နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ကျန်ထပူရီ၊ တရတ်၊ တောင်ပိုင်း ရနောင်း၊ ဖန်င၊ ဖူးကက်၊ စူရတ်ဌာနီ၊ နခွန်းစီထမရတ်၊ တရန်း၊ ဖတ်ထလုန်း၊ ဆဒွန်း စတဲ့ခရိုင်တွေ ပါပါတယ်။ 

ရေကြီးရေလျှံမှု သတိပြုရမယ့် ချောင်းတွေမှာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် မယ်ဆိုင်ချောင်း နဲ့ ထိန်းမြို့နယ် နမ့်အင်ချောင်း၊ နန့်ခရိုင် နန့်ချောင်း၊ ဖယောင်းခရိုင် ယုမ်းချောင်း၊ ဗိစနုလုတ်ခရိုင် ခွဲနွဲ့ချောင်း၊ ဖစ်ချ်ဘွန်းခရိုင် ပါဆဒ်ချောင်း၊ နခွန်းဖနုန်ခရိုင် နမ့်ကမ်ချောင်း၊ တရတ်ခရိုင် တရတ်ချောင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုးကား - DDPM/  / thainewsonline   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013