DVB Logo
Home
မြန်မာသတင်း
မြေမြှုပ်မိုင်းကြောင့် ၆ လအတွင်း အရပ်သား ၇၀၀ နီးပါး ထိခိုက်သေဆုံး
DVB
·
August 21, 2024
မြေမြှုပ်မိုင်းကြောင့် ၆ လအတွင်း အရပ်သား ၇၀၀ နီးပါး ထိခိုက်သေဆုံး
Donate to DVB

၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးသူဦးရေ ၇၀၀ နီးပါး ရှိလာပြီး ၂၀၂၃ ခုနှစ် တနှစ်လုံးစာနဲ့ နှိုင်းယှဉ်ရင် ၆၆ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ယူနီဆက်မြန်မာရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 

နိုင်ငံအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက် သေဆုံးသူဦးရေဟာ ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်းမှာပဲ ၆၉၂ ယောက်ရှိတယ်လို့ ယူနီဆပ်မြန်မာရဲ့ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကို လေ့လာခြင်း အစီရင်ခံစာအရ သိရပါတယ်။ 

ထိခိုက်သေဆုံးမှုဖြစ်ရပ်ပေါင်း ၁၁၇ ခုနဲ့ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး  ထိခိုက်သေဆုံးသူ အရေအတွက်ဟာ တနိုင်ငံလုံးရဲ့  ၂၄ ရာခိုင်နှုန်းရှိတာပါ။

ရှမ်းပြည်နယ်တခုလုံးမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေက အများဆုံး ဖြစ်တာကြောင့် မြေမြှုပ်မိုင်း အသုံးပြုမှုတွေကို ဆင်ခြင်ပေးကြဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မြေမြှုပ်မိုင်းအသုံးပြုမှုက ကျမတို့ ရှမ်းပြည်မှာ ပြည်သူလူထု ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက တခုအပါအဝင် ဖြစ်တယ်။ ကျမတို့ရဲ့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မြေမြှုပ်မိုင်းကို ဆင်ဆင်ခြင်ခြင်အသုံးပြုသင့်တယ်လို့ ကျမ အနေနဲ့ အကြံပြုချင်ပါတယ်။”

၂၀၂၃ ခုနှစ် တနှစ်လုံးစာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူဦးရေ ၁၀၅၂ ယောက်ရှိခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိခိုက်သေဆုံးမှုက ၂၀၂၃ ခုနှစ် တနှစ်လုံးနဲ့ နှိုင်းယှဉ်ရင်  ၆၆ ရာခိုင်နှုန်း ရှိနေပါတယ်။

တိုက်ပွဲတွေအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဖြစ်ရပ်ပေါင်း ၆၉ ခု၊  သေဆုံး ၁၉  ယောက် ထိခိုက်ဒဏ်ရာရသူ ၉၉ ယောက်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့အနီး ရွာလမ်းမကြီးတခုမှာ ဒေသကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းထိလို့ အရပ်သားသေဆုံးမှု တခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုကတော့ နည်းတယ် လို့တော့ ပြောရမယ်။ ဒါပေမဲ့ ပြည်သူပိုင်လမ်းပေါ်မှာ ထောင်ထားတဲ့ မိုင်းကို ဆိုင်ကယ် တစီးက ဝင်တိုက်မိပြီး သေဆုံးသွားတဲ့ ဖြစ်စဉ်မျိုး ပြီးခဲ့တဲ့လပိုင်းက ကြားလိုက်တယ်။ စစ်ကောင်စီ သွားလာနေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ရတဲ့အခါမှာ ပြည်သူပိုင်လမ်းတွေကိုပဲ အသုံးပြု ရတာဆိုတော့ မိုင်းတွေထောင်ထားတယ်လို့ ဖြစ်နိုင်ခြေ ရှိတဲ့နေရာတွေကို တတ်နိုင်သလောက် ရှောင်ကွင်းပြီး သွားရတာမျိုး ရှိပါတယ်။”

ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မိုင်းထောင်ထားတဲ့ နေရာတွေကို ကြိုတင် သတိပေးတာ၊ ရှောင်တိမ်း သွားလာကြဖို့ ကြိုတင်အကြောင်းကြားတာတွေ လုပ်သင့်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ကတော့   မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် သေဆုံးသူ ၁၅ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၆၇ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပွားရာဒေသလည်း ဖြစ်ပါတယ်။

ကျန်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူး၊  ကချင်၊ ချင်း၊ ကယား၊ ကရင်၊ မကွေး၊  မန္တလေး၊ မွန်၊ နေပြည်တော်၊ တနင်္သာရီနဲ့ ရန်ကုန်မှာတော့ ဖြစ်ရပ်ပေါင်း ၁၀၈ ခု ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှု အားလုံးရဲ့ ၄၇ ရာခိုင်နှုန်းရှိပါတယ်။ 

ဒါ့အပြင် နိုင်ငံတဝန်း ထိခိုက်ခံစားရသူဦးရေ စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း ယူနီဆက်ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013