DVB Logo
Home
Lead Story
လက်ချောင်းတွေ မညီလည်း လက်သီး ဆုပ်နိုင်ဆဲပါ
DVB
·
August 21, 2024
လက်ချောင်းတွေ မညီလည်း လက်သီး ဆုပ်နိုင်ဆဲပါ
Donate to DVB

ပြီးခဲ့တဲ့ရက်တွေမှာ ရှစ်လေးလုံးအထိမ်းအမှတ် စကားပြောရတာတွေ ရှိခဲ့တော့ ညီညွတ်ဖို့ထက် စည်းလုံးဖို့ အရေးကြီးတာကို ပြောဖြစ်ပါတယ်။ လက်သီးဆုပ်နိုင်ဖို့အတွက် လက်ချောင်းလေးတွေ အရွယ်အစား၊ အနိမ့်အမြင့် တညီတညွတ်တည်း ဖြစ်စရာ မလိုပါဘူး။ အဲဒီလို ဖြစ်မနေပေမဲ့ ဆုံချက်ဖြစ်တဲ့ လက်ကောက်ဝတ်ကို တည်ပြီး ကိုယ့်နေရာနဲ့ကိုယ် ဖြန့်ကြက် ရပ်တည်နေလို့ ရပါတယ်။ ရေပြင်ညီတခုတည်းမှာ ကိုယ့်အရွယ်အစား ကိုယ့်ပုံသွင် ကိုယ့်စွမ်းဆောင်ရည်နဲ့ကိုယ် အပြိုင်းအရိုင်းရပ်နိုင်တဲ့ လက်ချောင်းလေးတွေကသာ လက်သီးဆုပ်တခုကို ကောင်းကောင်းဖန်တီးနိုင်တာပါ။ လက်မက ကိုယ့်ဘာသာ ထောင်နိုင် ထူနိုင်လို့ ဆိုပြီး လက်ဖဝါးပေါ်မှာ ကိုးဆယ်ဒီဂရီ ဒေါင်လိုက်သွားရပ်နေမယ်ဆိုရင် လက်သီးဆုပ်လို့ မရနိုင်ဘူးပေါ့။ လက်ချောင်းအားလုံး ရေပြင်ညီဆုံချက်ဖြစ်တဲ့ လက်ကောက်ဝတ်ကနေ ဖြာထွက်သလို တပြေးညီ ရပ်နေလို့သာ လက်သီးဆုပ်လို့ ရတာပါ။

နှစ်ပေါင်းများစွာ အထက်-အောက် ဒေါင်လိုက်စနစ်ကို အသားကျခဲ့တော့ ဗဟို-ဆုံချက်လို့ ပြောရင် ဒေါင်လိုက်ပဲ တွေးကြပါတယ်။ တခုခုက ဗဟိုဆိုရင် ကျန်တာတွေက သူ့အောက်မှာပဲ ဖြစ်သွားမယ်လို့ တွေးတာမျိုးပေါ့။ အလျားလိုက်ရှိတဲ့ ရေပြင်ညီကို ဆုံချက်ထားပြီး အထက်-အောက် မဟုတ်တဲ့၊ အပြိုင်းအရိုင်း တည်ရှိနိုင်မှုကို မေ့နေတတ်ကြပါတယ်။ လက်သီးဆုပ်နိုင်တာဟာ လက်ချောင်းတွေက အလျားလိုက် ရေပြင်ညီမှာ အပြိုင်းအရိုင်း ရပ်တည်နေကြသလို ဗဟို-ဆုံချက်ဖြစ်တဲ့ လက်ကောက်ဝတ်ကို အားပြုထားလို့သာ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှုနဲ့ ဗဟိုချက်ရှိခြင်း မတူပါဘူး။ ဒေါင်လိုက် အမြဲစဉ်းစားတာလည်း အဆင်မပြေပါဘူး။ ရေပြင်ညီကို စဉ်းစားရင် ဆုံချက် (သို့) ဗဟို လိုပါတယ်။ ဘယ်ဖက်ဒရယ်နိုင်ငံမှာမဆို ဗဟိုအစိုးရလို့ ပြောလို့ရတဲ့ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရလို့ ခေါ်ကြတဲ့ ဒေသအလိုက် အစိုးရဆိုတာ ရှိပါတယ်။ ရေပြင်ညီဆုံချက်အဖြစ် ဗဟိုဖက်ဒရယ်အစိုးရ ဆိုတာ ရှိရပါတယ်။

ဗဟို (သို့) နိုင်ငံအဆင့် ဖက်ဒရယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာဟာ ပြည်နယ်အစိုးရတွေထက် တသမတ်တည်း များပြားကျယ်ပြန့်နေတာမျိုး မရှိဘဲ ဘယ်အရေးကိစ္စတွေမှာ ဘယ်အစိုးရက ပိုပြီး တာဝန်ယူမယ်ဆိုတာ အားလုံးက လက်ခံသဘောတူတဲ့ထိ ဆွေးနွေးပြီး အသိအမှတ် ပြုကြတာမျိုးပါ။ အမေရိက၊ ဆွစ်ဇာလန်နဲ့ ဂျာမနီနိုင်ငံတွေဟာ ကွန်ဖယ်ဒရိတ်သဘောနဲ့ စခဲ့ကြပေမဲ့ နောက်ပိုင်းမှာ လက်တွေ့ပိုကျတဲ့ ဖက်ဒရယ်စနစ်ကို ပြောင်းလဲခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေမှာ ဖက်ဒရယ်အစိုးရဆိုတဲ့ နိုင်ငံအဆင့်အစိုးရက နိုင်ငံခြားရေး၊ နိုင်ငံ့ငွေကြေး၊ စာတိုက်စနစ် ဆိုတဲ့အရာတွေကို ဆောင်ရွက်ရတာမျိုးပါ။ ပြည်နယ်အစိုးရတွေမှာ တခြားအရေးတွေအတွက် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် အာဏာတွေ ရှိပေမဲ့ နိုင်ငံတကာကတော့ ဖက်ဒရယ်အစိုးရကိုပဲ တိုက်ရိုက်ဆက်ဆံကြရပါတယ်။ အဲဒီလိုလုပ်တာကို ဗဟိုချုပ်ကိုင်မှုလို့ ပြောလို့မဖြစ်ပါဘူး။

တနည်းအားဖြင့် လက်ကောက်ဝတ်လို ဆုံချက်တခုဖြစ်တဲ့ နိုင်ငံအဆင့် ဖက်ဒရယ်အစိုးရ ဆိုတာကို သတ်မှတ်ထားပြီး ပြည်နယ်အစိုးရတွေဟာ အလျားလိုက် ရေပြင်ညီမှာ သူ့လုပ်ပိုင်ခွင့်နဲ့သူ သူ့အာဏာနဲ့သူ အပြိုင်းအရိုင်း ရပ်တည်ကြတာဟာ ဖက်ဒရယ်နိုင်ငံပါ။ ဒါကြောင့် လက်ချောင်းငါးဆယ်ရှိတဲ့ အမေရိကဟာ ဖက်ဒရယ်နိုင်ငံအဖြစ် လက်သီးဆုပ်ကို ကျစ်နေအောင် ဆုပ်နေနိုင်ပါတယ်။ ဒီမိုကရေစီအဖြစ်ကိုတော့ သမ္မတကို လူထုက တိုက်ရိုက်ရွေးချယ်တဲ့စနစ်နဲ့ သွားပါတယ်။ ရွေးချယ်ခံသမ္မတဟာ နိုင်ငံအဆင့် ဗဟိုအစိုးရလို့ ခေါ်နိုင်တဲ့ အစိုးရအဖွဲ့ကို ဆုံးဖြတ်ပြီး အလုပ်လုပ်တဲ့အခါ လက်သီးဆုပ် ပြေသွားစရာ မလိုပါဘူး။

ဖက်ဒရယ်စနစ် အမျိုးမျိုးရှိရာမှာ လူမျိုးနဲ့ ဘာသာစကားကို အခြေခံပြီး ထူထောင်ကြတာချည်း မဟုတ်ဘဲ လူဦးရေပျံ့နှံ့မှုအလိုက် ဒေသအခြေခံပြီး ထူထောင်ကြတာတွေလည်း ရှိပါတယ်။ ဘယ်လိုဖက်ဒရယ်စနစ်မျိုး သွားမလဲ ဆိုတာဟာ နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကောင်းမယ်ထင်သလို ဆုံးဖြတ်ဖို့ မဟုတ်ဘဲ ဒေသခံလူထုရဲ့ ဆုံးဖြတ်ရွေးချယ်မှုနဲ့ သွားနိုင်မှ ရေရှည်မှာ အဆင်ပြေနိုင်တာမျိုးပါ။ ဒီလိုရိုးစင်းလွယ်ကူမှု မရှိတဲ့ နိုင်ငံရေးစနစ်သစ်တခုကို အောက်ခြေကနေ အပေါ်ဆန်ပြီး ပြောင်းလဲနိုင်ဖို့ဆိုတာမှာ လူထုရဲ့ သိနားလည်မှုကို တကြောင်းဆွဲအသိမျိုး မဖြစ်အောင်၊ ရွေးစရာရှိနေကြောင်း သိစေအောင်နဲ့ သူတို့ရဲ့ ရွေးပိုင်ခွင့်ကို အာမခံပေးနိုင်အောင်ဆိုရင် ပိုသိနေတယ်လို့ ခံယူထားသူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။

ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်တာဟာ ဖက်ဒရယ်စနစ်လို့ နားလည်နေကြတာ အတော့်ကို အန္တရာယ်များပါတယ်။ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတာဟာ ကိုယ့်လူမျိုး ကိုယ် အုပ်ချုပ်မယ်၊ ကိုယ့်နယ်မြေ ကိုယ်သိမ်းပိုက်မယ်ဆိုတဲ့ အတွေးမျိုးကနေ အခြေခံခဲ့တာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လူထုရဲ့ အဆုံးအဖြတ်ကို မျက်ကွယ်ပြုပြီး အာဏာကို လက်နက်၊ အင်အားတွေနဲ့ အနိုင်ကျင့်ရယူတာကို လူထုက လက်မခံနိုင်လို့ တော်လှန်ရေး စတင်ခဲ့တာပါ။

အရင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ကနေ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ERO ရယ်လို့ နွေဦးတော်လှန်ရေးလှိုင်းကို လိုက်ပါစီးမျောလာကြတာဟာ ဒီမိုကရေစီ ပျောက်ဆုံးမှာ ကြောက်လို့ တော်လှန်ကြတဲ့ လူထုရဲ့ တော်လှန်ရေးကို လက်ခံ ယုံကြည်ကြလို့ပါ။ စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ အပြိုင်းအရိုင်း တပြေးညီ အားထုတ်ကြတဲ့ အစုအဖွဲ့တွေအဖို့ တော်လှန်ရေး လက်သီးဆုပ် အားကောင်းကျစ်လျစ်ဖို့အတွက် လူထုရဲ့ တော်လှန်ရေးယုံကြည်ချက်တွေကို အနက်ဖွင့် မလွဲကြဖို့တော့ လိုပါမယ်။

တော်လှန်ရေးလက်သီးဆုပ် အားကောင်းခိုင်မာပါစေ။

မသီတာ (စမ်းချောင်း)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013