DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ် ပစ်ခတ်သဖြင့် ဘုန်းကြီး ၁ ပါး အပါအဝင် ၄ ဦး သေဆုံး၊ ကလေးမြို့အနီး တိုက်ပွဲဖြစ်၊ ထီးချိုင့်မြို့ကို ဗုံးကြဲတိုက်ခိုက်
DVB
·
August 20, 2024
ရေစကြိုတွင် စစ်တပ် ပစ်ခတ်သဖြင့် ဘုန်းကြီး ၁ ပါး အပါအဝင် ၄ ဦး သေဆုံး၊ ကလေးမြို့အနီး တိုက်ပွဲဖြစ်၊ ထီးချိုင့်မြို့ကို ဗုံးကြဲတိုက်ခိုက်
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးတပါး၊ ကိုရင်တပါးနဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖဆီက သိရပါတယ်။

ဩဂုတ် ၂၀ ရက် မနက် ၉ နာရီမှာ ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့ စုပေါင်းရုံးအတွင်းက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက အမှတ် ၈ စိတ္တသုခတောင်ပိုင်းရပ်ကွက်မှာ ကျရောက်ပြီး ဆွမ်းလောင်းနေတဲ့ အသက် ၆၀ အရွယ် ဒေါ်မြင့်နဲ့ ဆွမ်းခံကိုရင်တပါး သေဆုံးခဲ့ပါတယ်။

နောက်ထပ် လက်နက်ကြီးတလုံးက စိတ္တသုခတောင်ပိုင်းရပ်ကွက် ဝေဠုဝန်ကျောင်းတိုက်ထဲ ကျရောက်ခဲ့ပြီး ဆွမ်းခံကနေပြန်လာတဲ့ ဦးပဉ္စင်းတပါး ပျံလွန်တော်မူခဲ့ပါတယ်။

ဒါ့အပြင် ရေစကြို အ.ထ.က-၁ ကျောင်းအရှေ့ဘက်လမ်း ကြံ့ခိုင်ရေးရုံးအနီးမှာ ကင်းပုန်းဝပ်တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ကုန်စိမ်းသည် အသက် ၄၀ အရွယ် မနန်းအေး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့ခံတယောက်က “အခုသိထားသလောက်တော့ သေတဲ့သူက ၄ ယောက်ပေါ့၊ ရုံးပေါင်းစုံက ပစ်တာက ဆွမ်းလောင်းနေတဲ့ ဒေါ်မြင့်နဲ့ ကိုရင်တပါး ပွဲချင်းပြီးသေတယ်၊ နောက် လက်နက်ကြီးတလုံးက စိတ္တသုခတောင်ပိုင်း ဝေဠုဝန်ကျောင်းက ဆရာတော်တပါး ပျံတော်မူတယ်၊ နောက်တယောက်ကတော့ ကြံ့ခိုင်ရေးရုံးနားက ကင်းပုန်းက သေနတ်နဲ့ပစ်လို့ ဈေးသည် မနန်းအေးပေါ့၊ သူလည်း ဆုံးသွားတယ်” လို့ ပြောပါတယ်။

မြို့ခံပြည်သူတချို့လည်း အသေးစားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ရေစကြိုမြို့ပေါ်က စစ်ကောင်စီ တပ်သားတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး၊ ရှားတောရွာနဲ့ သုံးအိမ်စုရွာမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက နေအိမ်တွေကို မီးရှို့နေတာကြောင့် ပြည်သူတွေ ထွက်‌ပြေးတိမ်းရှောင်နေကြရတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ဩဂုတ် ၂၀ ရက် ဒီနေ့မနက် ၆ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက မြို့တွင်းကနေ စစ်ကား ၅ စီး အင်အား ၁၂၀ ဝန်းကျင်နဲ့ စက္ကန့်ရွာအတိုင်း ရှားတောရွာဘက်ကို စစ်ကြောင်းထိုးခဲ့ရာကနေ ဒေသခံကာကွယ်ရေးတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

ကလေးမြို့‌ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တယောက်က “မ‌နက် ၆ ခွဲလောက်ကစပြီး စစ်ကြောင်းဝင်ခဲ့တာဗျ။ ရှေ့တန်းက UG တွေနဲ့ အရင်ထိတွေ့မှု ဖြစ်တယ်။ အခုထိ တိုက်ပွဲပြင်းထန်နေဆဲပဲ။ ရှားတောရွာဝင်ပြီး မနက် ၁၁ နာရီလောက်မှာ သုံးအိမ်စုထပ်ဝင်ပြီး မီးရှို့တယ်။ စကစက မြို့ထဲကနေ လက်နက်ကြီးလည်း တောက်လျှောက်ပစ်ကူနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် အိမ်ခြေ ၃၆၀ ဝန်းကျင်၊ လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ ရှားတောရွာနဲ့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ သုံးအိမ်စုရွာက ဒေသခံတွေဟာ ကလေးမြို့ပေါ်နဲ့ တခြား‌ကျေးရွာတွေဘက်ကို ထွက်ပြေးနေကြရပါတယ်။

ရှားတောရွာ ဒေသခံတယောက်က “ရွာမှာ လူတွေက နေကြပေမဲ့ မီးရှို့ခံရပြီးကတည်းကစပြီး အများကြီး မနေကြဘူး။ အနည်းစု‌ပဲ‌ နေကြတာ။ စစ်ကြောင်းထိုးတယ်ကြားလို့ ရုတ်တရက် ထွက်ပြေးရတာ။ အခုတော့ ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကြောင်းထိုးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပေမဲ့ အဲဒီတိုက်ပွဲဖြစ်ပွားရာ ရှားတောရွာဘက်ကို မြို့တွင်းကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ကိုလည်း ဩဂုတ် ၂၀ ရက် မနက်ပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က Y12 အမျိုးအစားလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ် အလယ်တောရွာသားတယောက်က “ကျနော်တို့ သိလိုက်တာက ၃ လုံးဗျ။ အိမ်တွေပါကို တုန်သွားတယ်။ ပစ်တာကတော့ ထီးချိုင့်မြို့ အနီးပတ်ဝန်းကျင်တွေကို ချသွားတာလို့‌တော့ သိထားရတယ်။ ပြည်သူအထိအခိုက်ကတော့ ဘာမှမသိရသေးဘူးဗျ။ ဖုန်းလိုင်းတွေလည်း ထီးချိုင့်မြို့နီးမှာ ပြတ်တောက်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ထီးချိုင့်မြို့အနီးကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး၊ Y12 လေယာဉ်နဲ့ ၁၄ ကြိမ် ပျံသန်းပြီး ဗုံးသီး ၆၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ထီးချိုင့်ပအဖ တာဝန်ရှိသူက “ဗုံးချတိုက်ခိုက်တယ်ဆိုတဲ့ သတင်းက အမှန်ပါဗျ။ ဘာကြောင့် စစ်တပ်က အခုလို တိုက်ခိုက်တာလဲဆိုတော့ ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်က မြို့သိမ်းတိုက်ပွဲ လုပ်လာမယ်လို့ ထင်ကြေးနဲ့ ချသွားတယ်လို့ပဲ ထင်ရတယ်ဗျ။ အမှန်ကတော့ ဘယ်တိုက်ပွဲမှ ကျနော်တို့ဘက်က မပြုလုပ်သေးပါဘူး။ သူတို့ကြောက်လန့်ပြီး အခုလို ဗုံးကြဲသွားတာ။ ဗုံးကြဲချတဲ့နေရာတွေက ထီးချိူင့်မြို့၊ နဝရတ်၊ စံပြ၊ ကုက္ကိုလ်ကုန်း ရပ်ကွက်တွေနဲ့ မြတောင်ဘက်ကမ်း‌တွေကို ချသွားတယ်။ အဲဒီလို ဗုဲးကြဲလို့ ပြည်သူတဦးနဲ့ နွား ၃ ကောင် ထိခိုက်ဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။

ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်က မနှစ် နိုဝင်ဘာ ၇ ရက်က စတင်ပြီး တလကျော်ကြာတဲ့အထိ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး စစ်တပ်ဘက်ကလည်း မြို့ မကျဆုံးရေးအတွက် လေကြောင်းပစ်ကူနဲ့ပါ စစ်ကူပေးခဲ့ရပြီး ပြည်သူနေအိမ် အများအပြားကိုလည်း မီးရှို့ခဲ့တာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013