DVB Logo
Home
မြန်မာသတင်း
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် နိုင်ကျဉ်း ၄၀၀ နီးပါး ပြန်လွတ်
DVB
·
August 19, 2024
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် နိုင်ကျဉ်း ၄၀၀ နီးပါး ပြန်လွတ်
Donate to DVB

၁၀၂၇ ဒုတိယပိုင်းအတွင်း လားရှိုး၊ သီပေါ၊ မိုးကုတ်၊ ဟားခါး၊ မတူပီနဲ့ သံတွဲမြို့တွေကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၄၀၀ နီးပါး ပြန်လွတ်လာကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို တိုင်းရင်းသား မဟာမိတ်တပ်တွေဘက်က သိမ်းယူနိုင်ပြီးနောက်ပိုင်း အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာကြပါတယ်။

ဇွန် ၂၅ ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်းမှာတော့ လားရှိုး၊ သီပေါ၊ မိုးကုတ်၊ ဟားခါး၊ မတူပီ နဲ့ သံတွဲမြို့တွေကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၈၄ ယောက် လွတ်မြောက်လာခဲ့တာပါ။

လားရှိုးအကျဉ်းထောင်မှာဆိုရင် နိုင်ကျဉ်း ၂၄၀ လောက် လွတ်မြောက်လာပြီး MNDAA နဲ့ PDF တွေက သက်ဆိုင်ရာအဖွဲ့တွေ၊ မိသားစုဝင်တွေဆီ ချိတ်ဆက်ပေးနေပေမဲ့ တချို့ကတော့ ခုချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။

လားရှိုးထောင်မှ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတဦးက “ကျနော်နဲ့ အတူလာတဲ့သူတွေကတော့ သက်ဆိုင်ရာ လွတ်မြောက်နယ်မြေ မဖြစ်သေး‌တော့ လောလောဆယ် ကျနော်တို့ လွတ်မြောက်နယ်မြေဖြစ်တဲ့ နေရာမှာ လာနေတဲ့သူတွေ ရှိတယ်။ အဲဒီထဲမှာ ထွက်ပြေးတဲ့နေ့က ဗုံးဆန်မှန်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိတဲ့ဟာမျိုးတွေ၊ အဲလို လူလေးတွေကိုလည်း ကျနော် တတ်နိုင်သလောက်အပိုင်းကနေ ဆေးဝါးကုသပေးနေတယ်။ တချို့တွေလည်း ကျနော်နဲ့နီးစပ်တဲ့နေရာမှာ ခေါ်ထားပေးတာတော့ ရှိတယ်။ သူတို့တွေလည်း အခက်အခဲ အမျိုးမျိုးတော့ ရှိတာပေါ့ အစ်ကိုရေ။ စစ်ကောင်စီက ကျနော်တို့ကို ဖမ်းပြီးကတည်းက ကျနော်တို့ဆီမှာ ရှိသမျှ အကုန်သိမ်းသွားတော့ ဒီနေ့ ဒီအချိန် ရောက်တဲ့အချိန်မှာ ကျနော်တို့မှာ မပြေလည်တာတွေ အများကြီးတော့ ကြုံတွေ့ရတာပေါ့” လို့ ပြောပါတယ်။

နိုင်ကျဉ်းအများဆုံး လွတ်မြောက်ခဲ့တဲ့ လားရှိုးထောင်မှာဆိုရင် အကျဉ်းသား ၂,၀၀၀ ကျော် လွတ်လာခဲ့ပြီး အဲဒီထဲက ၄၀ ဝန်းကျင်ကတော့ ထောင်အပြင်ကို ထွက်ပြေးချိန် သေဆုံးခဲ့ကာ ၁၀၀ ကျော် ဒဏ်ရာရနိုင်ကြောင်း လွတ်မြောက်လာသူတွေက ပြောပါတယ်။

အလားတူ သီပေါအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂၉ ယောက်၊ မိုးကုတ်အကျဉ်းထောင်က ၁၄ ယောက်၊ သံတွဲအကျဉ်းထောင်က ၄၃ ယောက်၊ ဟားခါးအချုပ်ခန်းက ၄၅ ယောက်နဲ့ မတူပီ ၁၃ ယောက် လွတ်မြောက်လာခဲ့တယ်လို့ အဖွဲ့အသီးသီးက ထုတ်ပြန်ပါတယ်။

လားရှိုး၊ မိုးကုတ်၊ သီပေါ၊ မတူပီ၊ သံတွဲမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပေမဲ့ ဟားခါးကတော့ အကျဉ်းသားတွေကို ကယ်ထုတ်နိုင်ဖို့ CDF-Hakha က မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတဦးက “အဲဒီ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သက်ဆိုင်ရာ အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေကနေပြီးတော့ ကာကွယ်စောင့်ရှောက်ထားပြီးတော့ နေရပ်ပြန်နိုင်ဖို့အတွက်လည်း ကြိုးစားဆောင်ရွက်နေတာတွေ သိရှိရတယ်။ ပြီးတော့ ကျနော်တို့အနေနဲ့ဆိုရင် သက်ဆိုင်ရာ အင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးဖို့ ချိတ်ဆက် ဆောင်ရွက်နေတာလည်း ရှိတယ်ဗျ။ သေချာတာကတော့ဗျာ အခုလိုမျိုးပဲ တိုင်းရင်းသားအင်အားစုတွေ နေရာမှာရှိတဲ့ ထောင်တွေမှာ လွတ်မြောက်သလိုပဲ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်ဖို့ဆိုရင် အကျဉ်းထောင်တံခါးတွေကို ကျနော်တို့တွေ တော်လှန်ရေးအင်အားစုတွေ လက်နဲ့ ကိုယ်တိုင်ဖွင့်ပြီး ကိုယ့်လူတွေကို ကိုယ်ထုတ်ရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဩဂုတ် ၁၄ ရက်အထိဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေက ၇၇ မြို့အထိ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြကြပေမဲ့ အဲဒီမြို့တွေကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ဘယ်ယောက်အထိ လွတ်မြောက်လာတယ် ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။

AAPP ရဲ့ ဩဂုတ် ၁၃ ရက်အထိ ထုတ်ပြန်ချက်တွေအရတော့ စစ်တပ်အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၂၇,၁၉၆ ယောက်ရှိပြီး အဲဒီထဲက ၂၀,၇၄၃ ယောက်က အကျဉ်းထောင် အသီးသီးမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013