DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုအန္တရာယ် သမ္မတ သတိပေး
DVB
·
October 1, 2014
အကြမ်းဖက်မှုအန္တရာယ် သမ္မတ သတိပေး
Donate to DVB

ကမ္ဘာ့လူသားထုကို အထူးခြိမ်းခြောက်လာတဲ့ ကမ္ဘာလုံးချီ အကြမ်းဖက်အန္တရာယ်ကို အတူတကွ ကာကွယ်တားဆီးကြဖို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင်ရေဒီယိုကနေ တိုက်တွန်းဆော်သြလိုက်ပါတယ်။

u thein sein (21-08-2014)မကြာသေးခင်က အယ်လ်ကိုင်ဒါအဖွဲ့က မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုဟာ သိပ်မစိုးရိမ်ရပေမယ့် အစိုးရအဖွဲ့၊ လွှတ်တော်တွေ၊ တရားစီရင်ရေးအဖွဲ့တွေ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားအားလုံးပူးတွဲပြီး ကြိုတင်ကာကွယ်ကြပါလို့ သူက တိုက်တွန်းတာဖြစ်ပါတယ်။

သမ္မတရဲ့ အောက်တိုဘာ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းဟာ နိုင်ငံအကြီးအကဲက အကြမ်းဖက်အန္တရာယ်နဲ့ ပတ်သက်လို့ နိုင်ငံကို အမြင့်ဆုံး သတိပေးချက်လည်းပါတယ်။

နိုင်ငံတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတဆင့် ရလာတဲ့ ဖြေလျော့မှုတွေ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်တွေ ကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို  အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမှုနဲ့  ခြိမ်းခြောက်မှုလုပ်ရပ်တွေကြောင့် ပေါ်ပေါက်ခဲ့တာလို့ ဦးသိန်းစိန်က ရှင်းလင်းပါတယ်။

နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု၊ မီးရှို့မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၃၀၀ နီးပါး သေဆုံးပြီး လူသိန်းချီ ဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်က စတင်ပျံ့နှံ့ခဲ့တဲ့ ဒီပဋိပက္ခတွင်း ပတ်သက်သူတွေကို ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရက အရေးယူ ပြစ်ဒဏ်စီရင်တာရှိပေမယ့် ပဋိပက္ခကို ဖန်တီး ကြိုးကိုင်ဖန်တီးသူတဦးတဖွဲ့ကိုမှတော့ ဖော်ထုတ်ချပြနိုင်ခြင်း မရှိသေးပါဘူး။

ဒီပဋိပက္ခတွေအပါအ၀င် စိုးရိမ်စရာအခြေအနေတွေဟာ တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့်လို့ အခိုင်အမာထောက်ပြမှုတွေ ရှိနေပေမယ့် တရားဥပဒေစိုးမိုးမှုမှာ  အစပျိုးခြေလှမ်းတွေ ဖြစ်တဲ့ နိုင်ငံတ၀န်း  တရားဥပဒေ စိုးမိုးရေးစင်တာတွေ ဖွင့်လှစ် သင်ကြားနိုင်ရေးကိစ္စမှာတော့ ဦးသိန်းစိန်အစိုးရက လိုလိုလားလား ပူးပေါင်းပံ့ပိုးမှု မရှိတာကြောင့် ကြန့်ကြာရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှသာ ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို ရေရာ သေချာစေလိမ့်မယ်လို့ သမ္မတက သတိပေးပါတယ်။

ဒီအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြဖို့ လိုအပ်ပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်လုပ်ဆောင်ကြပါလို့ သူက ပြောပါတယ်။

စက်တင်ဘာ လဆန်းမှာ သွားရောက်တဲ့ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံ ခရီးစဉ်တွေကို ရည်ညွှန်းပြီး နိုင်ငံတကာ ကူးလူးဆက်ဆံမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုး တက်လာတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံသားတွေအနေနဲ့ ပြင်ဆင်ထားဖို့ သူက သတိပေးပါတယ်။

သမ္မတရဲ့ မိန့်ခွန်းမှာ နိုင်ငံတ၀န်း စိတ်ဝင်စားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့ မပါရှိသလို ဒေါ်လာဘီလီယံချီအကောင်အထည်ဖော်မယ်လို့ ကြေညာပြီးမှ ဝေဖန်မှုတွေကြောင့် ပြန်လည်ရုပ်သိမ်းသွားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်းတွေ  ထည့်သွင်းပြောဆိုတာ မတွေ့ရပါဘူး။

ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ အီဘိုလာအပါအ၀င် ကူးစက်မြန်ရောဂါတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စ ၂ ခုကိုတော့ သမ္မတက အာဆီယံဒေသနဲ့ ပတ်သက်လို့ စိုးရိမ်စရာကိစ္စရပ် ၂ ရပ်အဖြစ် ပုံဖော်ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013