DVB Logo
Home
Lead Story
မအလမှ မအလသို့ (သရော်စာ) 
DVB
·
August 19, 2024
မအလမှ မအလသို့ (သရော်စာ) 
Donate to DVB

(က)

နက်ဖြန်မနက်တောင်ကျောင်းမှာ အဘစိမ်းမောင်တို့က အာရုံဆွမ်းကျွေးမည်ဖြစ်၍ ညပိုင်းမှာ ပြင်ဆင်ကြပါ၏။ မုန့်ဟင်းခါးကျွေးမှာဖြစ်ပြီး အိုးသူကြီးအဖြစ် မုန့်ဟင်းရည်အချက်ကောင်းသူ အဘစောမူးသာကို ဆောင်ရွက်စေလေရာ အဘလုံးတုံးနှင့် ဖေကြီးတို့လည်း နောက်တော်ပါများ ဖြစ်ကြရပါလေ၏။

သူညွှန်ပြသည့် အနေတော် ငှက်ပျောပင်များကိုပိုင်းကာ အပေါ်ယံအလွှာများကို ခွာကြရပါ၏။ အလယ်အူတိုင်များကို လှီးကြရပါ၏။ အဘစိမ်းမောင်တို့၏ စိမ်းသရဖူစိမ်း ကိုကို မောင်မောင် ဦးဦး ဘဘများကိုလည်း မြင်ရပါလေ၏။

ညဘက်ရောက်တော့ ဆရာတော်လည်း ကျောင်းပေါ်တက်ကာ ကျိန်းစက်တော်မူပြီး အဘစိမ်းမောင်တို့လည်း အိမ်ပြန်သွားကြပါလေ၏။ အဘစောမူးသာနှင့် တပည့်နှစ်ဦးမှာကား လုပ်ရင်းကိုင်ရင်း နောက်ကျသွားတာနှင့် ဆွမ်းချက်ရုံချောင်ထဲက အခန်းထဲရှိ ကွပ်ပျစ်ကြီးပေါ်မှာပဲ စက်တော်ခေါ်ကြရပါလေတော့၏။

“ကဲကဲ . . . အိပ်ရေးဝအောင် အိပ်ကြေတာ့ဟေ့၊ မနက်ကျမှ ဆက်လုပ်ကြမယ်။”

(ခ)

မနက်အစောကြီး ရှိသေးတယ်၊ ဆွမ်းချက်ရုံထဲက ထင်းမီးဖိုကို မီးမွှေးနေကြသံတွေ ကြားကြရပါ၏။ ခဏနေတော့ စိမ်းသရဖူ စိမ်းတွေ၏ ညံစီစီအသံများကို ကြားကြရပါလေတော့၏။

“ဒါနဲ့ အဘစိမ်းမောင်ရဲ့ နစကဥက္ကဋ္ဌကြီးကို သူ့အောက်က ဗိုလ်ချုပ်တွေက ဖမ်းပြီး အာဏာထပ်သိမ်းတယ် ဆိုတာ တကယ်လား။”

“အေးကွ . . သတင်းစာမျက်နှာတွေပေါ်မှာတော့ အဲသလိုပဲ ရေးနေကြတာပဲကွ။”

“အဲဒါ ဟုတ်ပါ့မလား၊ ဖြစ်နိုင်ပါ့မလား။”

“အေးကွ . . . ဟုတ်ရင်လည်း ဟုတ်နိုင်သလို ဖြစ်ရင်လည်း ဖြစ်နိုင်တာပေါ့ကွ။”

အဘစောမူးသာက စစ်ပြန်ကြီးအဘလုံးတုံးနှင့် ဖေကြီးကို “အသာနေ” ဟု မျက်ရိပ်ပြလေရာ ကျွန်ုပ်တို့လည်း အသံမထွက်ဘဲ ကျိတ်၍သာ ပြုံးနေမိကြပါ၏။ ခဏနေတော့ တောင်ကျောင်းဆရာတော် ဦးအစိမ်းတယောက် လာသံကြားရပြီး သူတို့စကားဝိုင်းကို ဆက်ကြပါလေ၏ ခင်ဗျာ။

“ဒီမယ် စိမ်းမောင်ရ . . . ယာယီသမ္မတကြီးကို ဖမ်းပြီး နောက်လူတွေက အာဏာထပ်သိမ်းတယ် ဆိုတာ ဖြစ်နိုင်လား။”

“တင်ပါ့ဘုရာ့ . . . ဖြစ်နိုင်ခြေတွေတော့ ရှိပါတယ်။”

“ဘယ်လိုတွေ ရှိတာလဲဟ။”

“ဒီလိုပါ ကိုယ်တော် . . အခုဆိုရင် ကုန်ဈေးနှုန်းတွေဟာ ဘယ်ခေတ် ဘယ်အခါကနဲ့မှမတူဘဲ တက်ချင်တိုင်း တက်နေတာလေ။”

“ အေး . . .”

“စက်သုံးဆီတွေလည်း ပြတ်လပ်ပြီး ဈေးနှုန်းတွေ မတန်တဆဖြစ်နေလို့ ကိုယ်တော့်ကားတောင်မှ ထုတ်မသုံးနိုင်ဘဲ ဖုန်တွေတောင် ထုတက်နေပြီမဟုတ်လား ဘုရာ့။”

“အိမ်း . . . အဲဒီတော့ . . .”

“ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး၊ မြန်မာပြည်ဒေသအနှံ့က စစ်မျက်နှာတိုင်းမှာ စစ်တပ်ဟာ ' တိုက်တိုင်းရှုံး ဖြစ်နေပြီး တိုင်းမှူး၊ တပ်မမှူး၊ ဗိုလ်ချုပ်အဆင့်တွေအထိပါ လက်နက်ချသူချ အဖမ်းခံရသူခံရနဲ့ဆိုတော့ ထိပ်ဆုံးကုလားထိုင်ပေါ်က ဘုရားဒကာ နစကဥက္ကဋ္ဌကြီးကို ဝိုင်းပြီးလက်ညှိုးထိုးလာကြပြီပေါ့ ဘုရာ့။”

စိမ်းသရဖူစိမ်း စိမ်းဆိုမှစိမ်း အမြဲစိမ်းအဖွဲ့သားများထံမှ အနှီစကားလုံးများကို ကြားနေကြရလေရာ ရယ်ချချင်စိတ်ကို အစွမ်းကုန် ထိန်းနေကြရသည့်ဒုက္ခက မသေးလှ။

“အဲသည်တော့ ‘အာဏာသိမ်း’ တယ်ဆိုတာ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရမယ်ဘုရာ့။”

“အေးကွ . . ဒီကောင်ကြီးက ပြောလည်းပြောစရာပဲလေကွာ၊ ဘယ်နေရာမှ သုံးစားလို့မရဘူးဆိုတာ ပေါ်လွင်နေတာကိုးကွ။”

“တင်ပါ့ . . . သတင်းအရဆိုရင်တော့ အခုအာဏာထပ်သိမ်းတဲ့သူတွေဟာ နစကဥက္ကဋ္ဌကြီးထက် နိုင်ငံကိုတိုးတက်အောင် ကြံဆောင်ကြိုးပမ်းကြလိမ့်မယ်ထင်တယ်ဘုရာ့။”

“အိမ်း . . . တိုင်းပြည်အတွက် တပ်မတော်အတွက် ဘာမှဟုတ်တိပတ်တိ မလုပ်နိုင်တဲ့ သမ္မတရူးကို ဖြုတ်ချပြီး နောက်လူတွေက သမိုင်းသစ်ကို ရေးထိုးကြရလိမ့်မယ်ကွ။”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

ချုပ်တီးထားကြသည့်ကြားမှ တိုင်ပင်မထားပါဘဲ ဝါးလုံးကွဲ ရယ်ချလိုက်မိကြလေရာ အပြင်ကအသံတွေ ရုတ်တရက် တိတ်သွားပြီး အခန်းတံခါးကို တွန်းဖွင့်ဝင်လာသံကို ကြားကြရပါလေတော့၏။

“ဟာ . . . စိမ်းမောင်တို့ပါလား။”

“ဟား ဟား ဟား ဟား ဟား ဟား။”

“ည . . ည က အိမ်ပြန်မအိပ်ကြဘူးလား။”

“ဝါး . . ဟား ဟား ဟား ဟား ဟား ဟား”

(ဂ)

ကြင်စိုး သာ၀ မအလကြီးကို ပယ်ပယ်နယ်နယ် 'တွယ်' နေကြသည့် စိမ်းသရဖူစိမ်းဆရာတော်နှင့် ဒကာကျော်တို့မှာ သူတို့၏မျက်နှာများကို ဘယ်လိုထားလို့ထားရမှန်း မစဉ်းစားနိုင်အောင်ဖြစ်ကာ အမ်းတမ်းတမ်းကြီးတွေ ဖြစ်နေကြပါ၏။

“မူးသာတို့ ထတော့လေကွာ၊ ငါတို့တွေ မီးတောင် မွှေးပြီးနေပြီ။”

“အေးပါဟ စိမ်းမောင်ရ၊ မင်းတို့မွှေးထားတဲ့ မီးအပူက မအလကိုတောင် သွားဟပ်နေလောက်ပြီဟ။”

“ဟား ဟား ဟား ဟား ဟား ဟား။”

အစွန်းရောက်အစိမ်းအုပ်စုကား အရှက်ပြေအဖြစ် “အဲသည် အာဏာသိမ်းသတင်းကို မင်းတို့လည်း ကြားတယ်မဟုတ်လား” ဟု မေးနေပြန်ပါလေ၏။

“ကြားတာပေါ့ စိမ်းမောင်ရ၊ ဒါပေမယ်လို့ ငါတို့ကတော့ အာဏာအသိမ်းခံရတာကောင်းတယ် ဘာတယ်တော့ မပြောပါဘူးကွာ၊ မအလကြီး သနားပါတယ်။”

“ဟားဟား ဟားဟား ဟားဟား။”

“အဲ . . . ဟို . . . ဒီ . . . ဒီလိုကွာ။”

“ဒီမယ်စိမ်းမောင် ဒီမအလကြီး သောက်သုံးမကျတာကို ငါတို့က အစောကြီးကတည်းက

မင်းတို့ကို မကြာခဏ ပြောပြောပြခဲ့တယ်ေလကွာ။”

“အေး . . . အဲ . . .”

“မင်းတို့ အစွန်းရောက်တွေက ‘အဘ အဘ’ နဲ့ အစွမ်းကုန် ‘မ’ ခဲ့ကြပြီး အခုလို ပွဲပြီးကာနီးအချိန် ကျမ သောက်သုံးမကျတဲ့ လူကြီး၊ ဒင်းကြောင့် အားလုံးဒုက္ခရောက်ကြရတာ၊ အဖမ်းခံရတာ နောက်တောင်ကျသေးတယ်လို့ ပြောတာကတော့ ရယ်စရာကွ။”

“အေး . . . အဲ . . . ဟိုကွာ . . နောက်လူတွေက အားကိုးရမယ် ထင် . . ထင်လို့ပါ။”

“ဟား ဟား ဟား ဟား ဟား ဟား။”

“လာ လာချေသေးရဲ့ မောင်ရယ်။”

“မင်းတို့တွေက ဘယ်လိုလဲဆိုတော့ မအလကြီး 'နိမ့်ပါး' သွားပြီဆိုရင် နောက်ထပ်  ‘မအလလက်သစ်’ ကို တန်းပြီးကိုးကွယ်ကြဖို့ လက်အုပ်ကလေးတွေချီ ရယ်ဒီအနေအထား ပြင်ဆင်နေတဲ့သဘောကိုးကွ။”

“အမ် . . . . . “

“အေး . . . မအလ  ကို အချင်းချင်း ဖြုတ်ချပြီးရင် နောက်ထပ် မအလ တယောက် ထပ်ပေါ်လာမယ်ဆိုတာ မြဲမြဲမှတ်ထားကွ။”

“အ . . . . .”

“အခုတော်လှန်ရေးက အမိမြန်မာ့မြေပေါ်ကနေ ဖက်ဆစ်အာဏာရှင်မျိူးစေ့တွေကို နောက်ထပ်အပင်ပေါက်ခွင့် ရှင်သန်ကြီးထွားခွင့်မပေးတော့ဘဲ လုံးဝချုပ်ငြိမ်းအောင် စွမ်းဆောင်နေတဲ့ နောက်ဆုံး ‘အမြစ်ဖြတ်တော်လှန်ရေးကြီး’ ကွ။"

“အေး . . . အဲ . . .”

“ကဗျာဆရာမင်းထင်ကိုကိုကြီးပြောသလို ဆိုရင်တော့ “အချင်းချင်း ကိုက်ကုန်ပြီတဲ့၊ ရေနဲ့ပက်ရမှာလား၊ ထိုင်ကြည့်ရမှာလား ပါတဲ့ဗျား။”

“ဟား ဟား ဟား ဟား ဟား ဟား”

“မူးသာပြောတော့ ဆရာထင်လင်းဦးရဲ့ ကဗျာလေးကို သွားသတိရမိပြန်ရောဟ။”

“ဘယ်လိုပါလိမ့် အဘလုံးတုံးရယ်။”

အဘလုံးတုံးက ရေနွေးတခွက်ကို ကြိုက်ချ၍ လည်ချောင်းရှင်းလိုက်ပြီး ကဗျာခေါင်းစဉ်က ‘အပြောင်းအလဲ’ တဲ့ကွဟုဆိုကာ ကဗျာကို အသံသာသာဖြင့် ရွတ်ပြပါလေတော့သတည်း။

“ပုဆိန်သွားက ထွန်သွား ဖြစ်သွားရင်တော့ ထ ကကြရုံပေါ့။”

“ပုဆိန်ရိုးအဟောင်းကို အသစ်လဲတပ်တာဆိုရင်တော့ ခုတ်မြဲ၊ ခုတ်ဆဲ ၊ ခုတ်လတ္တံ့ပါပဲ။”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013