DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ကလေး ၆ သိန်းခွဲနီးပါးအတွက် ပိုလီယိုကာကွယ်ဆေးထိုးပေးရန် ကုလ စတင်မည်
DVB
·
August 18, 2024
ဂါဇာရှိ ကလေး ၆ သိန်းခွဲနီးပါးအတွက် ပိုလီယိုကာကွယ်ဆေးထိုးပေးရန် ကုလ စတင်မည်
Donate to DVB

ကုလသမဂ္ဂဟာ ဂါဇာကမ်းမြောင်ဒေသမှာ အသက် ၁၀ နှစ်အောက် ကလေး ၆၄၀၀၀ ကျော် အတွက် ပိုလီယို ကာကွယ်ဆေး အဆင့် ၂ ဆင့် လှုပ်ရှားမှုကို စတင်လုပ်ဆောင်ဖို့ စီစဉ်နေပြီး စစ်ဘေးသင့်ဒေသမှာ ပိုလီယိုအတွက် ခေတ္တအပစ်ရပ်ပေးဖို့လည်း တောင်းဆိုပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သောကြာနေ့မှာ ပြောပါတယ်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း ခန်ယိုးနစ်စ်နဲ့ ဒေရာဘာလာ မြို့တွေရှိ ရေဆိုးနမူနာတွေမှာ ပိုလီယိုဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ပျံ့နှံ့နေပြီး ဂါဇာရှိ ကလေးထောင်ပေါင်းများစွာ အန္တရာယ်ရှိနေပြီလို့ ဆိုလိုကြောင်း ကုလအကြီးအကဲက ပြောပါတယ်။

သောကြာနေ့ အစောပိုင်းမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဂါဇာရှိ ပဋိပက္ခမှာ ပါဝင်နေသူတွေကို ပိုလီယို ကာကွယ်ဆေးလှုပ်ရှားမှုကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားချင်းစာနာ ထောက်ထားမှုအတွက် ခေတ္တ အပစ်အခတ်ရပ်စဲပေးဖို့ ခိုင်မာတဲ့ အာမခံချက်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပိုလီယိုရောဂါ ပြန့်ပွားမှုကို တားဆီးကာကွယ်ဖို့နဲ့ ရောဂါပေါ်ပေါက် ဖြစ်ပွားမှုကို လျှော့ချဖို့အတွက် အဆင့် ၂ ဆင့်ရှိ ပိုလီယိုကမ်ပိန်းမှာ ကာကွယ်ဆေးလွှမ်းခြုံမှု အနည်းဆုံး ၉၅ ရာခိုင်နှုန်းလိုအပ်တယ်လို့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပိုလီယို ကာကွယ်ဆေးပမာဏ ၁ ဒသမ ၆ သန်း ထုတ်ပေးဖို့လည်း အတည်ပြုထားပြီလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေး၊ ရေနဲ့ အညစ်အကြေး သန့်ရှင်းရေးစနစ်တွေဟာ စိန်ခေါ်မှုတွေ ဆိုးရွားနေပြီး ဆေးရုံအများစုနဲ့ အခြေခံစောင့်ရှောက်မှု အဆောက်အအုံတွေလည်း အလုပ်မလုပ်နိုင်တော့ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတိပေးခဲ့ပါတယ်။

ဒေရာဘာလာမြို့မှ ပိုလီယိုကာကွယ်ဆေး မထိုးရသေးတဲ့ ၁၀ လသား ကလေးငယ်လေးမှာ ပိုလီယိုဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး  ဂါဇာကမ်းမြောင်ဒေသရဲ့ ပထမဆုံး ပိုလီယိုရောဂါ ဖြစ်ပွားမှုကို အတည်ပြုကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

WHO ပိုလီယိုအထူးကုဆရာဝန် ဒေါက်တာဟာမစ်ဒ်ဂျာဖှာရီက ဂါဇာကမ်းမြောင်ဒေသရှိ ဒေရာဘာလာမြို့နဲ့ ခန်ယိုးနစ်စ် အုပ်ချုပ်ရေးဒေသတွေမှာ ပိုလီယိုဗိုင်းရပ်စ်ကို ရေဆိုးတွေထဲမှာ တွေ့ရှိခဲ့ရပြီး၊ ရောဂါပိုးဟာ စက်တင်ဘာလကတည်းက ပျံ့နှံ့နေတာ ဖြစ်နိုင်တယ်လို့ အခုလအစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013