DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၇၀၀ ခန့် လုပ်ခလစာမရသဖြင့် တရုတ်လုပ်ငန်းရှင်ကို ဆန္ဒပြ
DVB
·
August 18, 2024
ထိုင်းတွင် မြန်မာအလုပ်သမား ၇၀၀ ခန့် လုပ်ခလစာမရသဖြင့် တရုတ်လုပ်ငန်းရှင်ကို ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်ရှိ တရုတ်လုပ်ငန်းရှင်တဦး ပိုင်တဲ့ စက်ရုံတခုမှာ မြန်မာအလုပ်သမား ၇၀၀ နီးပါးက လုပ်ခလစာ ၂ လစာ မရရှိလို့ သြဂုတ် ၁၆ ရက်ညပိုင်းက စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ အဲဒီ စက်မှုဇုန်အပြင်ဘက်ကနေ တရုတ်လုပ်ငန်းရှင်နဲ့ လုပ်ငန်းကြီးကြပ်ရေးမှူးတို့ကို လုပ်ငန်းခွင်ဝန်းကနေ ထွက်ခွာခွင့်မပြုဘဲ ပိတ်ဆို့ ဆန္ဒပြခဲ့ကြတာပါ။

မြန်မာ အလုပ်သမား အယောက် ၇၀၀ နီးပါး ရရှိမယ့် လုပ်ခလစာက စုစုပေါင်း ထိုင်းဘတ်ငွေ ၁၀ သန်းနီးပါး ရှိပြီး၊ လုပ်ခလစာ ၂ လစာကို လုပ်ငန်းရှင်ဘက်က ရှင်းမပေးသေးတာကြောင့် အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ တရုတ် လုပ်ငန်းရှင်ကပေးမယ့် တယောက်ကို ဘတ် ၅၀၀ စီပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုထားပြီး ရက်လွန်လုပ်ခလစာ ၂ လစာကိုသာပေးဖို့ တောင်းဆိုနေကြတာပါ။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “တရုတ်လုပ်ငန်းရှင်လုပ်တဲ့ ကမ်းလှမ်းချက်ကလည်း မြန်မာအလုပ်သမားတွေ လက်ခံနိုင်စရာ မရှိဘူးလေ။ သုံးဖို့ စွဲဖို့ တယောက်ကို ဘတ် ၅၀၀ ကြိုတင်ထုတ်ပေးငွေ ပေးမယ်။ မြန်မာလုပ်သားတွေ ကျတော့လည်း လစာထုတ်တဲ့ရက် သတ်မှတ်ရက် ကျော်လွန်နေတဲ့အတွက် အကုန်လုံး ပေးချေဖို့ ပြောတယ်။ ထိုင်းအာဏာပိုင်တွေက အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လိုတယ်။ အကယ်လို့ မဖြေရှင်းနိုင်ဘဲ ဘာဆက်ဖြစ်မလဲဆိုပြီး ဒီအတိုင်းပဲ မျှောထားမယ်ဆိုရင် မြန်မာလုပ်သားတွေဘက်ကလည်း မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ရှိနိုင်သလို၊ တရုတ်လုပ်ငန်းရှင်တွေကလည်း ပိတ်ဆို့မှုတွေကို အတင်းထိုးဖောက်ပြီး မလိုလားအပ်စွာသော ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တဲ့ အနေအထား ရှိတယ်။ ဒီနေရာမှာတော့ ဒိုင်လူကြီးဖြစ်တဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုက တော်တော်လေး စကားပြောသွားမယ်” လို့ DVB ကို ပြောပါတယ်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေအနေနဲ့ အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုတဲ့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပြီး၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ကနဦး ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လုပ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက မှတ်ချက်ပေးပါတယ်။

ကနဦး စေ့စပ် ဆွေးနွေးမှုတွေအရ တရုတ်လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို ကြိုတင်ငွေ တဦးကို ဘတ် ၅၀၀ စီ ပေးမယ်လို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင် ရဲတွေကတော့ အလုပ်သမားတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပြီး၊ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာ ၂ လစာရရှိမှသာ သဘော တူညီမယ်လို့ ဆိုကြပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ တည်ဆဲဥပဒေအရ လုပ်သက် ၄ လကနေ တနှစ်အတွင်း ရက်ပေါင်း ၃၀ စာ၊ လုပ်သက် ၁ နှစ်ကနေ ၃ နှစ်အတွင်း ရက်ပေါင်း ၉၀ စာ၊ လုပ်သက် ၃ နှစ်ကနေ ၆ နှစ်အတွင်း ရက်ပေါင်း ၁၈၀ စာနဲ့ လုပ်သက် ၆ နှစ်ကနေ ၁၀ နှစ်အတွင်းဆို ရက်ပေါင်း ၂၄၀ စာ အလျော်ပေးရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားကြောင်း အလုပ်သမားအရေး လုပ်ဆောင်သူတွေက ထောက်ပြ ပြောဆိုပါတယ်။

ထိုင်းအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က “ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ လူတယောက်ကို ၅၀၀၊ ၁၀၀၀ ပဲ ပေးရမှာ မဟုတ်ပါဘူး။ ဥပဒေမှာ ပြဋ္ဌာန်းထားတာက သူ့ရဲ့ လုပ်သက် ဘယ်လောက် ရှိသလဲ။ လက်ရှိ တည်ဆဲဥပဒေအရ မိမိရောက်နေတဲ့ ခရိုင်အလိုက် လုပ်ခလစာနဲ့ မြှောက်ပေးရမှာပါ။ အလုပ်သမားတွေကို ၅၀၀ ပဲ ပေးတယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ”လို့ ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံအနှံ့ ခရိုင် ၇၇ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ ၆ သန်းကျော် ၇ သန်းနီးပါး ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောပါတယ်။

အလုပ်သမားတွေဟာ လုပ်ငန်းခွင်တွေမှာ လုပ်ခလစာ ပြည့်ပြည့်ဝဝ မရတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတာတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ များစွာ ကြုံနေရတယ်လို့လည်း ထိုင်းရောက် အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013