
၂ လကြာစစ်ပွဲ အဆုံးသတ်ရေးနဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်ဘက်က ကမ်းလှမ်းလာတဲ့ အဆိုပြုချက်အသစ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အနေနဲ့ နှစ်မြို့ပုံ မရဘူးဆိုပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။
အီရန်ရဲ့ နောက်ဆုံးအဆိုပြုချက်ထဲမှာ စစ်ပွဲပြီးဆုံးတဲ့ချိန်အထိ ပါရှန်းပင်လယ်ကွေ့ထဲက ရေလမ်းကြောင်းပိတ်ဆို့မှု မဖြေရှင်းနိုင်မချင်း နျူကလီးယားအရေး ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းထားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ဘက်က နျူကလီးယား ဖျက်သိမ်းရေး ကိစ္စကိုသာ ဦးစားပေး ဖြေရှင်းလိုတဲ့အလျောက် အီရန်ရဲ့ အဆိုပြုချက်အပေါ် ကျေနပ်အားရမှု မရှိတာမျိုး ဖြစ်နေနိုင်ပါတယ်။
လောလောဆယ် အီရန်အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ထရမ့်ပ်နဲ့အတူ အမျိုးသားလုံခြုံရေးအဖွဲ့က သုံးသပ်နေဆဲ ဖြစ်ပေမဲ့လည်း လက်ခံနိုင်ဖွယ်မရှိကြောင်း ဖော်ပြထားပါတယ်။
တချိန်တည်းမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အာရက်ချီက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သွားရောက်တွေ့ဆုံပြီး ဆွေးနွေးပွဲတွေပြန်စဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို စဉ်းစားနေတယ်လို့ အတည်ပြုပါတယ်။
၂၀၁၅ ခုနှစ်တုန်းက အီရန်နဲ့ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တခုဟာ တီဟီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အတော်လေး ကန့်သတ်ထားနိုင်ခဲ့ပါတယ်။
အီရန်ကလည်း သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို အရပ်ဘက်နဲ့ ငြိမ်းချမ်းစွာ အသုံးပြုဖို့သာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလေ့ ရှိပါတယ်။
၂၀၁၈ ခုနှစ် အရောက်မှာတော့ ထရမ့်ပ်ဟာ အိုဘားမား လက်ထက်တုန်းက ရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက်ကို တဖက်သတ် နုတ်ထွက်ခဲ့ပါတယ်။
ဒါကြောင့် ထရမ့်ပ်ရဲ့ အကြံပေးတွေကိုယ်တိုင် ကန့်ကွက်တာမျိုး ရှိခဲ့ပေမဲ့လည်း သူကတော့ ဒါကို အဆိုးရွားဆုံး သဘောတူညီချက်အဖြစ် သုံးနှုန်းခဲ့ဖူးပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအများအပြားက ဟော်မုဇ်ရေလက်ကြားကို “ချက်ချင်း အတားအဆီးမရှိ ပြန်ဖွင့်ပေးဖို့” တောင်းဆိုထားပါတယ်။
အလားတူ ကုလသမဂ္ဂကလည်း ရေလမ်းကြောင်း ပိတ်ဆို့နေမှုဟာ ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားပါတယ်။
ဂျာမနီအဓိပတိ ဖရိုင်းဒရစ်ချ်မာ့ဇ် ကတော့ အမေရိကန်ဟာ အီရန်ကြောင့် “အရှက်ရစရာ” ဖြစ်နေတဲ့ အပြင် ဝါရှင်တန်ရဲ့ ကိုယ်လွတ်ရုန်းဖို့ ကြိုးပမ်းမှုတွေကိုပါ ဝေဖန်သွားခဲ့ပါတယ်။










