DVB Logo
Home
မြန်မာသတင်း
အိတ်စပို့စ်ပဲ အရောင်းအ၀ယ်လုပ်ပါက ဘဏ်တွင် စပေါ်ငွေတင်ရမည်
DVB
·
October 1, 2014
အိတ်စပို့စ်ပဲ အရောင်းအ၀ယ်လုပ်ပါက ဘဏ်တွင် စပေါ်ငွေတင်ရမည်
Donate to DVB

ရန်ကုန် ဘုရင့်နောင်အိတ်စပို့စ် ပဲကုန်စည်ဒိုင်မှာ ရောင်းသူနဲ့ ၀ယ်သူအကြား ကြိုရောင်း ကြိုဝယ် လုပ်ရင် အာမခံချက် ရှိစေဖို့ ဘဏ်မှာ စပေါ်ငွေ တရားဝင်တင်ထားကြောင်း ပြသနိုင်မှသာ ရောင်းဝယ်ခွင့် ရရှိတော့မယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနဲ့ နှမ်းတင်ပို့ရောင်းချသူများ အသင်းက ပြောပါတယ်။

Green-gramအိတ်စပို့စ် ပဲရောင်းသူနဲ့ ၀ယ်သူအကြားမှာ အာမခံချက်ရှိတဲ့စနစ်ကို ထားရှိဖို့ လာမယ့် အောက်တိုဘာလကစပြီး ကျင့်သုံးတော့မှာ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းတင် ပို့ ရောင်းချသူများအသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

“အခု ကုန်စည်ဒိုင် မှာတော့ နောက်တလ အတွင်းလောက်မှာ အကောင်အထည်ဖော်မှာပါ။ ရောင်းသူဝယ်သူ ကြိုရောင်းကြိုဝယ်လုပ်မယ်ဆိုရင် ရောင်းသူရော ၀ယ်သူရော ၁၀ ရာခိုင်နှုန်း အာမခံကြေးအရင်တင်မယ်၊ ပြီးမှ အရောင်းအ၀ယ်လုပ်ခွင့်ပေးမယ်။ ကျန်တာကတော့ လက်ငင်းအရောင်းအ၀ယ်ပဲ ရှိမယ်။ ဒီလို လေရောင်းလေ၀ယ် ကိစ္စမျိုးကို ခွင့်မပြုဘူး။ ၁၀ လပိုင်းလောက်ထဲမှာ ဖြစ်ဖို့ များပါတယ်။ အာမခံ ငွေကြေးတင်ထားတဲ့အတွက် တစုံတရာ ထွက်ပြေးတိမ်းရှောင်တဲ့အနေအထား မဖြစ်အောင် တားဆီးပြီးသား ဖြစ်သွားမှာပေါ့။”

ရန်ကုန် အိတ်စပို့စ် ပဲရောင်းဝယ်ရေးဈေးကွက်မှာ ခု စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ တွေက  အိတ်စပို့စ် ပဲကုန်သည်တဦးက  တန်ချိန် ၅၀၀၀ နီးပါးရှိ မိမိ ၀ယ်ယူထားတဲ့ အိတ်စပို့စ် ပဲတွေကို လာရောက် ထုတ်ယူခြင်း မရှိတဲ့အပြင် ပဲဖိုးကုန်ကျငွေကိုလည်း မပေးဘဲ တိမ်းရှောင် ခဲ့တာပါ။

ပြည်တွင်း ပဲရောင်းဝယ်ရေးဈေးကွက်မှာ  တကယ်ငွေ မပေးချေပဲ လေရောင်း လေ၀ယ် ပြသနာကြောင့် အလားတူဖြစ်ရပ်တွေက မကြာခဏဆိုသလို ရှိနေတာပါ။

ဒါဟာ ဘယ်လို အားနည်းချက်တွေကြောင့် ဖြစ်ပေါ်ရတယ်ဆိုတာကို ဘုရင့်နောင် ပဲကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမင်းဇော်က ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ကျနော်တို့ဆီမှာက လွယ်လွယ်ကူကူပဲ ယုံကြည်မှုတခုနဲ့ အရောင်းအ၀ယ်လုပ်တယ်၊ စာချုပ်ချုပ်ပြီး စနစ်ကျစွာလုပ်တဲ့ အလေ့အကျင့်လည်း အားနည်းနေသေးတယ်။ အဲဒီအပေါ်မှာ သူတို့က ဈေးကစားတာလို့ မြင်ပါတယ်။ ဈေးနှုန်းတခုက လက်ငင်းဈေးတခုတည်းပေါ်မဟုတ်တော့ဘဲ အတက်အကျတွေ တအားမြန်တော့ ဈေးကွက်ပေါ်မှာလည်း ထိခိုက်မှုတွေ ရှိလာတာပေါ့။”

မြန်မာအိတ်စပို့စ် ပဲလောကမှာ ၂၀၀၈ ခုနှစ်နဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ်လည်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင် ပဲမျိုးစုံ ကြိုတင် ရောင်းဝယ်တာတွေ မလုပ်ကြဖို့လည်း သက်ဆိုင်ရာက သတိပေးထားတာပါ။

မြန်မာပဲတွေ  ပြည်ပတင်ပို့မှုကတော့  အခုနှစ် ဧပြီကနေ စက်တင်ဘာတတိယပတ်အထိ  တန်ချိန် ၅၉၀,၀၀၀ ရှိလို့ ကာလတူ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် တန် ၅၀,၀၀၀နီပါး ကျဆင်းသွားတယ် လို့  စီးပွားကူးသန်းဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013