
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ဆီကနေ သိရပါတယ်။
နတ်မိချောင်းစစ်ဆင်ရေး စစ်ကြောင်းရဲ့ စစ်ဆင်ရေးတာ၀န်ခံတဦးက “လေယာဥ်ကွင်းပြင်ဖို့လုပ်နေတဲ့ စီမံကိန်းအတွက်ဆိုပြီး လေယာဥ်ကွင်းနားက ရွာတွေထဲမှာ စစ်သားအင်အား ၁၀၀ နီးပါးရှိတယ်။ အဲ့ဒီထဲက လေယာဥ်ကွင်းနဲ့နီးတဲ့ တပ်စခန်းတခုကို ၀င်ပစ်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ G3 သေနတ်တလက်နဲ့ MA 11 သေနတ် တလက်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီပစ်ခတ်မှုကို Southern YSO PDF အဖွဲ့ရဲ့ နတ်မိချောင်းစစ်ဆင်ရေးစစ်ကြောင်းက ဦးစီးပြီးတော့ King Cobra၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF၊ Yesagyo Revolution Force (YRG)၊ တပ်ရင်း ၁၆ တပ်ခွဲ ၃ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ Southern YSO PDF အဖွဲ့ရဲ့ တာ၀န်ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကလည်း ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၂၀ ကျော်သေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းမှ ကျဆုံးရဲဘော် ၈ ဦးအတွက် အောက်မေ့သတိရအခမ်းအနားကို ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း စခန်းမှာ ဩဂုတ် ၁၅ ရက် မနက်က ပြုလုပ်ပြီး ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး ကျွန်းပင်စိုက်ပျိုးတာတွေလည်း ပြုလုပ်ခဲ့ ပါတယ်။
ကျဆုံးရဲဘော်ရဲ့ မိဘတဦးက “တပ်ရင်းကနေ အခုလို မမေ့မလျှော့ဘဲ သတိရဂုဏ်ပြုပွဲလေး လုပ်ပေးတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ သားလေးလည်း စစ်(-)နဲ့ တိုက်ခိုက်ရင်း ကျဆုံးသွားတာဆိုတော့ ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးလှူကျဆုံးတာဆိုတော့ အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီမိုအာဇာနည်ရေ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။
ကျဆုံးရဲဘော် ၈ ဦးဟာ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ရင်း လွန်ခဲ့တဲ့ တနှစ်လောက်က ကျဆုံးခဲ့တာလို့ သိရပါတယ်။
“အာဏာရှင်ကျဆုံးရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တိုင်းအတွက် အမြဲတမ်း သတိရနေပါတယ်ဗျ။ အခုလည်း ကျနော်တို့တပ်ရင်းမှာ တာဝန်ထမ်းဆောင်ပြီး ကျဆုံးသွားတဲ့ ရဲဘော် ၈ ဦးအတွက် အမှတ်တရ ဂုတ်ပြုပွဲနဲ့ အမှတ်တရ ကျွန်းပင်စိုက်ပျိုးအခမ်းနားပြုလုပ်ခဲ့တယ်ဗျ။ ကျဆုံးရဲဘော် ၈ ဦးရဲ့ ကျန်ရစ်သူ မိသားစုအားလုံးအတွက် ကျနော်တို့တပ်ရင်းကနေ တတ်နိုင်သလောက် ငွေ ၆ သိန်း ၆ သောင်း ထောက်ပံပေးခဲ့တယ်ဗျ။ အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ ကျဆုံးရဲဘော်များ ရည်မှန်းတဲ့ပန်းတိုင်ကို အရောက်သွားဖို့ ကျန်ရစ်တဲ့ ကျနော်တို့ရဲဘော်တွေကလည်း မဆုတ်မနစ်ကြိုးစားသွားပါမယ်” လို့ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းကမှ တာဝန်ခံ ရုံးအုပ်က ပြောပါတယ်။
ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ရင်းတခုဖြစ်သလို မြေပြင်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။











