DVB Logo
Home
နိုင်ငံတကာ
၃၁ ဦးမြောက် ထိုင်းဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ 
DVB
·
August 15, 2024
၃၁ ဦးမြောက် ထိုင်းဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ 
Donate to DVB

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကို အခြေခံဥပဒေတရားရုံးက ဥပဒေချိုးဖောက်မှုနဲ့ ရာထူးကဖယ်ရှားဖို့ ဩဂုတ် ၁၄ ရက်မှာ စီရင်ဆုံးဖြတ်လိုက်တဲ့နောက် ထိုင်းနိုင်ငံရဲ့  ၃၁ ဦးမြောက် ဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ရတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဥပဒေအရ  ၃၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခွင့်ရှိသူ ၇ ဦး ရှိပါတယ်။

သူတို့ကတော့ ဖွေ့ထိုင်းပါတီမှ  ဖဲထောင်းထန်း ရှင်နာဝပ် (ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် သမီး) အသက် ( ၃၇  နှစ်) နဲ့ နိုင်းချိုင်းကဆိမ် နိသီဆီရီ (၇၅ နှစ်)၊ ဖုမ်းကျိုင်းထိုင်းပါတီမှ အနုထင်းချန်းဝီရကွန်း ( ၅၇ နှစ် )၊ ဖလန်းပချားရတ်ပါတီမှ ဗိုလ်ချုပ်ကြီး ပရဝစ် ဝုန်းဆုဝမ်း ( ၇၉ နှစ် )၊ ရူမ်းထိုင်းဆန့်ချတ်ပါတီမှ ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်အိုးချား ( ၇၀ နှစ် )နဲ့ နိုင်းဖီရဖန်း ဆာလိရတ်ဝိဖတ် ( ၆၅ နှစ် )၊ ဒီမိုကရေစီပါတီမှ နိုင်းကျူရင်း လတ်ဆနဝိဆစ် ( ၆၈ နှစ် ) တို့ ဖြစ်ကြပါတယ်။

ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခွင့်ရှိသူတွေဟာ မိမိပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အမတ် ၂၅ ဦးအထက်ရရှိဖို့လိုအပ်သလို ပါတီမှ ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရန် အမည်စာရင်း တင်သွင်းခဲ့သူလည်းဖြစ်ရမှာပါ။

ပထမဦးစားပေးအနေနဲ့  ပြုတ်သွားတဲ့ ဝန်ကြီး ချုပ်ရဲ့ပါတီ ( ရွေးကောက်ပွဲမှာ အမတ်ဦးရေအများဆုံးရတဲ့ပါတီ ) က နောက်ထပ် တဦးကို ပြန်လည်အဆိုပြုရမှာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကို ရာထူးကနေ ဖယ်ရှားဖို့ စီရင်ချက်ကျပြီးတဲ့နောက် ညနေပိုင်းမှာဘဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့  ဘန်ကောက်က ကျန်းဆောင်လှ စံအိမ်တော်မှာ ဖွေ့ထိုင်းပါတီ အရေးပေါ်အစည်းအဝေးကျင်းပပါတယ်။

ဖွေ့ထိုင်းပါတီဝင် အများစုက သက်ဆင်သမီး ဖဲထောင်းထန်းကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံဖို့  ဆန္ဒရှိပြီး သူရဲ့မိခင်ကို ခွင့်ပြုပေးဖို့ သွားရောက်ပန်ကြားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဖဲထောင်းထန်းဟာ ရွေးကောက်ပွဲပြီးတဲ့အချိန်တုန်းက ကလေးမွေးပြီးကာစမို့  ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံဖို့ မိခင်က သဘောမတူခဲ့ပါဘူး။ ဒါ့အပြင် ဒီလိုရှုပ်ထွေးနေတဲ့ကာလမှာ သမီးဖြစ်သူ ဝန်ကြီးချုပ်ဝင်အရွေးခံဖို့ မသင့်လျော်သေးဘူးလို့ ပြောတယ်လို့လည်း  ဖွေ့ထိုင်းပါတီအမတ်တဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ရွေးချယ်ခံဖို့  လူပုဂ္ဂိုလ်ရှိတဲ့ တခြားပါတီ ၄ ခုက ပြောရေးဆိုခွင့်ရှိသူတွေကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲမှာ အမတ်ဦးရေအများဆုံးရပြီး အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်ရှိတဲ့ ဖွေ့ထိုင်းပါတီကိုပဲ အဆိုပြုကြောင်း အသီးသီးထုတ်ပြန် ပြောပါတယ်။ 

‌ဖွေ့ထိုင်းပါတီလွှတ်တော်အမတ်အများစုက  ဖဲထောင်းထန်းကို သဘောတူပေမဲ့လည်း ပါတီဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ့်အကြောင်း ပါတီအမတ် နိုင်းဆာရဝုန်း ထိန်းထောင်းက သတင်းထောက်တွေကို ပြောပါတယ်။

လတ်တလော ဖွေ့ထိုင်းပါတီဗဟိုကော်မတီကလည်း အဆိုပါကိစ္စအတွက် အကြိတ်အနယ် စည်းဝေးနေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့  ၃၁ ဦးမြောက် ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ပွဲကို  မနက်ဖန်  ဩဂုတ် ၁၆  ရက်နေ့  အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကျင်းပမှာဖြစ်ပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လွှတ်တော်အမတ်ပေါင်း ၄၉၃ ဦးရှိတဲ့အထဲ အာဏာရပါတီဘက်က အမတ် ၃၁၄ ဦးနဲ့ အတိုက်အခံပါတီဘက်က ၁၇၉ ဦးရှိပါတယ်။ ဆန္ဒမဲ ၂၄၈ ဦးနဲ့အထက်ရရှိသူဟာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပါတယ်။

အတည်မပြုရသေးတဲ့ သတင်းအရ ဖွေ့ထိုင်းပါတီမှ ဖဲထောင်းထန်း ရှင်နာဝပ်ကို  အဆိုပြုမှာဖြစ်ကြောင်း လူမှုကွန်ရက်မှာသတင်းတွေ ပျံ့နေပါတယ်။ 

Source: The Nation / MCOT

ကိုးကား - The Nation / MCOT / 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013